MIT ကုမ္ပဏီ United VAR ၏ အဖွဲ့ဝင်ဖြစ်လာ

MIT နည်းပညာကုမ္ပဏီ အနေနဲ့ United VAR ရဲ့ အဖွဲ့ဝင်ဖြစ်လာကြောင်း သိရပါတယ်။

United VAR ဟာ SAP solution providers တွေပေါင်းစပ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒါကြောင့် MIT အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ SAP Partner လည်းဖြစ်လာပါတယ်။ ပြည်တွင်းမှာမရှိသေးတဲ့ အမြင်တွေ၊ ဝန်ဆောင်မှုတွေကို ပေးနိုင်မယ်လို့ MIT ရဲ့ CEO ဦးထွန်းသူရသက်က ပြောပါတယ်။ “United VAR ဆိုတာက SAP ရဲ့အဆင့်မြင့်ဆုံး ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ပေါင်းစပ်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်၊ ကျွန်တော်တို့ အခုလို အဖွဲ့ဝင်ဖြစ်လာခြင်းအားဖြင့် ပြည်တွင်းမှာ နည်းပညာလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်၊ ဒါ့အပြင် ပြည်တွင်းမှာမရှိသေးတဲ့ အိုင်ဒီယာ၊ ၀န်ဆောင်မှု အစရှိတာတွေကိုပေးအပ်နိုင်မှာ ဖြစ်ပါတယ်” လို့ဆိုပါတယ်။

အခုလို ဆောင်ရွက်ခြင်းအားဖြင့် MIT နဲ့ ကမ္ဘာ့ဈေးကွက်ဆက်သွယ်မှုကွန်ရက် ရရှိသွားမယ်လို့လည်း ဆိုပါတယ်။ အဖွဲ့ဝင်ဖြစ်ခြင်း အဖြစ် MIT (Myanmar Information Technology) နဲ့ United VARs တို့ သဘောတူ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

“အခုလို ပါတနာတွေဖြစ်လာခြင်းအားဖြင့် solutions ကြီးတွေ ဆောင်ရွက်နိုင်လာမယ်၊ customer လိုအပ်ချက်တွေကို ကမ္ဘာလုံးဆိုင်ရာ ပါတနာတွေနဲ့ ပူးပေါင်းဖြေရှင်းနိုင်မှာဖြစ်ပါတယ်” လို့ MIT ရဲ့ SAP Division မှ မန်နေဂျာ ဦးရဲလင်းထက်က ပြောပါတယ်။

-ထွန်းထွန်း