Microsoft Surface Duo အသေးစိတ်အချက်အလက် ပေါ်ထွက်လာ

Microsoft ဟာ ကုမ္ပဏီထဲမှာ Surface Duo ထုတ်ကုန်ကို စမ်းသပ်နေပါတယ်။ Microsoft Surface Duo မှာ မျက်နှာပြင် ၂ ခုပါဝင်ပြီး ခေါက်နိုင်တဲ့ ၃၆၀ ဒီဂရီ ပတ္တာတစ်ခု ပါဝင်လာပါတယ်။

Surface Duo ကိုဖြန့်လိုက်ရင် ၄.၈ မီလီမီတာလောက်ပဲရှိပြီး ပါးလွှာပါတယ်။ ဖုန်းကို ခေါက်လိုက်ရင်တော့ ၉.၆ မီလီမီတာ ရှိပါတယ်။ Surface Duo မျက်နှာပြင် ၂ ခုက အရွယ်တူပြီး ၅.၆ လက်မရှိကာ AMOLED အသုံးပြုထားပါတယ်။ မျက်နှာပြင်အရည်အသွေး 1800x 1350 ဖြစ်ပြီး ဘေးဘောင်ကြီးမားပါတယ်။ ဖုန်းမှာ Android 10 အသုံးပြုထားကာ Android 11 update ပေးသွားမယ်လို့ သိရပါတယ်။ Surface Pen ထောက်ပံ့မှုလည်း ပါဝင်လာပါမယ်။

ပြီးခဲ့တဲ့နှစ်က Surface Duo အတွက် Qualcomm ရဲ့ Snapdragon 855 သုံးပြီး ပြသခဲ့ပါတယ်။ Microsoft အနေနဲ့ အပြီးသတ် Surface Duo ဖုန်းမှာ ဘယ်လို chipset သုံးမလဲ မသိသေးပါဘူး။ Microsoft Surface Duo မှာ RAM 6GB နဲ့ storage 256GB ပါဝင်လာပါတယ်။ ကင်မရာကတော့ 11MP f/2.0 နဲ့အတူ 1.12um pixel ပဲဖြစ်ပါတယ်။ Surface Duo မှာ fingerprint scanner ပါဝင်ပြီး ဘက်ထရီကတော့ 3,460mAh ပဲဖြစ်ပါတယ်။ NFC နဲ့ ကြိုးမဲ့အားသွင်းစနစ် မပါဝင်သလို 5G မထောက်ပံ့ထားပါဘူး။

သတင်းဖော်ပြချက်အရ Surface Duo ကိုဖြန့်ချိဖို့ အသင့်နီးပါး ဖြစ်နေပြီလို့ သိရပါတယ်။

စိုးထက်
Ref: GSMArena