Microsoft for Startups မှ Highway to a 100 Unicorns စီမံကိန်း စတင်လိုက်ပြီး Emerge X ပြိုင်ပွဲအတွက် ဖိတ်ခေါ်ထား

အာရှပစိဖိတ်ဒေသရှိ နိုင်ငံတွေရဲ့ စွန့်ဦးတီထွင် လုပ်ငန်းသစ်တွေကို ပိုမိုခိုင်မာလာစေရန် Microsoft for Startups မှ Highway to a 100 Unicorns စီမံကိန်းကို စတင်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ စီမံကိန်းမှာ အိန္ဒိယနိုင်ငံတွင် အောင်မြင်မှုရရှိလာခဲ့ပြီး Emerge X အစီအစဉ်အတွက် စီးပွားရေး စတင်လုပ်ကိုင်နေသည့် လုပ်ငန်း (၁၅၀၀၀) ကျော်ရှိသည့် ပြည်နယ် (၆) ခုမှ လုပ်ငန်း (၅၆) ခုသာ ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။ The Emerge X အစီအစဉ်မှ အနိုင်ရရှိသူတွေအနေနဲ့ နိုင်ငံတကာ ဈေးကွက် ရှာဖွေရေး အခွင့်အလမ်း၊ ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းရှင်များ၊ နည်းပြများနှင့် ၃ ရက်တာ တွေ့ဆုံခွင့်၊ founder bootcamp နဲ့ ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ Azure တွင် လမ်းညွှန်ချက်တို့ အပါအဝင် ဆောင်ရွက်နေဆဲ Mentorship (လမ်းညွှန်မှုပေးခြင်း) တွင် ပါဝင်ခွင့်၊ လူလုပ်အသိဉာဏ် AI စက်မှအလိုအလျောက် သင်ယူသော ML တို့ အခြားသော အကြောင်းအရာများကို လေ့လာသင်ယူခွင့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းသစ်တွေအတွက် ပိုအဆင်ပြေနိုင်မယ့် ဂေဟစနစ်တစ်ခုကို ဖော်ဆောင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်။ မြန်မာနိုင်ငံလိုမျိုး Microsoft မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးစတင်လုပ်ကိုင်နေသူတွေအတွက် ပိုမို အဆင်ပြေစေမယ့် လမ်းစဉ်တစ်ခုကို ကျွန်တော်တို့တည်ဆောင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ မြန်မာနိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲ ဈေးကွက်သစ်တွေဟာ ကမ္ဘာမှာလည်း ဖွံ့ဖြိုးမှု အမြန်ဆုံး စီးပွားရေးတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လည်း စီးပွားရေး စလုပ်မယ့်သူတွေက ဆန်းသစ်တီထွင်နိုင်သူတွေ၊ အရှိန်အဟုန်နဲ့ လုပ်တတ်သူတွေ၊ စွန့်ဦးတီထွင်သူတွေအဖြစ် အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတာပေါ့။ Highway to a 100 Unicorns ကနေတစ်ဆင့် မြန်မာနိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းတွေအနေနဲ့ ဒေသတွင်းမှာ ဒစ်ဂျစ်တယ်လ် ဆန်းသစ်တီထွင်မှုတွေ ဆက်ပြီး လုပ်ကိုင်နိုင်ဖို့ ခေါ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” လို့ Microsoft Myanmar ရဲ့ ဒေသဆိုင်ရာတာဝန်ခံဖြစ်သူ ကိုစိုးသူအောင်က ပြောပါတယ်။

Highway to a 100 Unicorns စီမံကိန်းတွင် ပါဝင်ရန် ဘင်္ဂလားဒေ့်ရှ်၊ ဘူတန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မောဒီ၊ မြန်မာ၊ နီပေါ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် အစရှိတဲ့ ၁၆ နိုင်ငံမှ ဆန်းသစ်တီထွင်သူများနဲ့ စွန့်ဦးတီထွင်သူများကို ဖိတ်ခေါ်မှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ Emerge X ပြိုင်ပွဲတွေမှာ ပါဝင်ရန် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို အနည်းဆုံး client ၃ – ၄ ဦးမှ ရရှိတဲ့ အမြတ်ငွေနဲ့ လည်ပတ်နေသော လုပ်ငန်းပိုင်းဆိုင်ရာဈေးကွက်နဲ့ ကိုက်ညီတဲ့ B2B ကုမ္ပဏီများ (Business-to-Business)၊ ပျမ်းမျှသုံးစွဲသူ ၁၀၀,၀၀၀ ကျော်အထက်ရှိတဲ့ B2C ကုမ္ပဏီများ (Business-to-Customer) အပြင် လက်ရှိ ရင်းနှီးမြှုပ်နှံမှုရရှိထားသူများကို အားသာချက်တစ်ချက် အနေဖြင့် ထည့်သွင်းစဉ်းစားသွားမယ်လို့ သိရပါတယ်။

Emerge X တွင် ပါဝင်ယှဉ်ပြိုင်ကြသူများအားလုံးမှာ လုပ်ငန်းပိုင်းဆိုင်ရာနှင့် နည်းပညာ အလုပ်ရုံဆွေးနွေးပွဲများ သာမက GitHub နှင့် Azure တို့ကို အခမဲ့ အသုံးပြုခွင့် ရရှိမှာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံစီမှ ဆန်ခါတင် (၃) ဦးစီကို နိုဝင်ဘာလအတွင်း ကြေညာပေးသွားမယ်လို့ သိရပါတယ်။ ဆန်ခါတင် ၃ ဦးမှာ Founder Bootcamp ၃ ရက်ကျော် တက်ရောက်ခွင့်၊ နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆွေးနွေးသင်ကြားပေးမယ့် တစ်နှစ်တာ mentorship အစီအစဉ်၊ Microsoft ရဲ့ တစ်မူထူးခြားသော co-sell program မှတစ်ဆင့် စီးပွားရေးမိတ်ဖက်များ ရှာဖွေနိုင်ခြင်းတို့အပြင် Microsoft ကျွမ်းကျင်သူတွေနဲ့ နယ်ပယ် တစ်ခုတည်းမှာ အခိုင်အမာ အခြေကျပြီးသော ပညာရှင်တွေနဲ့ တွေ့ဆုံနိုင်ခွင့် စတဲ့ အခွင့်အရေးတွေကိုပါ ထပ်ဆောင်းရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Emerge X ပြိုင်ပွဲဝင်ရောက်ရန်အတွက် https://aka.ms/highway မှ စာရင်းပေးသွင်းရမှာဖြစ်ပြီး GrowthEnabler အတွက် လုပ်ငန်းအကျဉ်းကို ၈၀ % အထိ ဖော်ပြပေးရန်လိုအပ်မှာဖြစ်ပါတယ်။ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားစာရင်းပေးသွင်းရန် လိုအပ်ပြီး အသေးစိတ်ကို v-kashe@microsoft.com သို့ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««