Microsoft က TikTok ဝယ်ယူမယ့်အစီအစဉ်အပေါ် ဒေါ်နယ်ထရမ့် ထောက်ခံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ Microsoft က TikTok ကိုဝယ်ယူမယ့် ကိစ္စအပေါ် ထောက်ခံချက်ပေးလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်က အမေရိကန်မှာTikTok ကိုပိတ်ပင်မယ်လို့ ခြိမ်းခြောက်ခဲ့တာ သိပ်မကြာသေးပါဘူး။
Microsoft ဒါမှမဟုတ် အခြားကုမ္ပဏီတစ်ခုက TikTok ကိုမဝယ်ယူရင် စက်တင်ဘာ ၁၅ရက်မှာ ပိတ်မယ်လို့ တနင်္လာနေ့က အိမ်ဖြူတော်မှာ ထရမ့်ကပြောလိုက်ပါတယ်။ Microsoft အကြီးအကဲအနေနဲ့ TikTok ဝယ်ယူမှုကို ဆက်လက်ပြုလုပ်သင့်တယ်လို့ ထရမ့်က အကြံပြုခဲ့တယ်။

“လုံခြုံရေးအကြောင်းကိစ္စတွေကြောင့် တရုတ်က ထိန်းချုပ်လို့ မရပါဘူး” လို့ TikTok နဲ့ပတ်သက်ပြီး ထရမ့်ကပြောခဲ့ပါတယ်။ ထရမ့်က Microsoft ဒါမှမဟုတ် အခြားကုမ္ပဏီက ထိန်းချုပ်တာ ဒါမှမဟုတ် အမေရိကန်ကုမ္ပဏီက ဝယ်ယူလိုက်ရင်တော့ စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုတဲ့ သဘောပါ။

‌Microsoft ဟာ TikTok ကိုဝယ်ယူဖို့ မိခင်ကုမ္ပဏီ ByteDance နဲ့ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဆောင်ရွက်နေတယ်လို့ တနင်္ဂနွေက blog post မှာရေးသားခဲ့ပါတယ်။ လာမယ့်အပတ်အတွင်း ဆွေးနွေးသွားမှာ ဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက် မတိုင်ခင်မှာ ဆွေးနွေးမှုကို အပြီးသတ်မယ်လို့ သိရပါတယ်။

အခုဆွေးနွေးမှုကြောင့် အမေရိကန်၊ ကနေဒါ၊ ဩစတြးလျနဲ့ နယူးဇီလန်အတွင်းက TikTok ဝန်ဆောင်မှုတွေကို ဝယ်ယူနိုင်မယ်လို့ Microsoft ကပြောခဲ့ပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှုကလည်း အစောပိုင်းအဆင့်မှာပဲ ရှိပါသေးတယ်။

-စိုးထက်
Ref: TheNewYorkTimes