Messenger အယောင်ဆောင်လှည့်ဖြားတိုက်ခိုက်မှုလင့်များပျံ့နှံ့နေ

မြန်မာနိုင်ငံအတွင်းရှိ လူအများစုသုံးစွဲတဲ့ လူမှုမီဒီယာတစ်ခု ဖြစ်တဲ့ Facebook မှ ဝန်ဆောင်မှုပေးထားသော ဆက်သွယ်ရေးနည်းလမ်းတစ်ခု ဖြစ်တဲ့ Messenger နဲ့ ဆင်တူယိုးမှားအသွင် ဖန်တီးပြီး အများပြည်သူများ မှားယွင်းဝင်ရောက်မိစေရန် ရည်ရွယ်၍ M(a)ss(a)nger ဟူသောအင်တာနက် စာမျက်နှာတစ်ခုဖန်တီးခြင်း၊messenagr.xyz ဟူသော ဆင်တူယိုးမှား Page တစ်ခုဖန်တီးခြင်း၊ M(a)ss(i)nger ဟူသော Facebook Page တစ်ခုဖန်တီးပြီး sponsor post အနေဖြင့် ကြေညာပြုလုပ်ကာ သုံးစွဲသူများရဲ့ Facebook အကောင့်တွေကို ရယူရန် ကြိုးပမ်းနေတယ်လို့ Myanmar ICT for Development Organization (MIDO)ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်တွင် Social Media Platform အမျိုးမျိုးကို သုံးစွဲသူတွေအနေနဲ့ အထက်တွင်ဖော်ပြခဲ့သော ဖြစ်စဉ်တွေနဲ့ အချက်အလက်များနှင့် အကောင့်များ အား ခိုးယူမှုများမှ ရှောင်ကြဉ်နိုင်ရန်အတွက် အထူးသတိပေးအပ်ပါတယ်လို့ ဖော်ပြထားပါတယ်။ မသမာသူများမှ Sponsor Post ဖြင့် ဖြန့်ချိခဲ့ပြီး ပျံ့နှံသွားသော Facebook Messenger နှင့် ဆင်တူယိုးမှား ပုံစံ ​- M(a)ss(i)nger ဟုသုံးစွဲထားခြင်း၊ Google site မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုလျှင် အတုအယောင် Messenger Page ၏ ဘယ်ဘက်အပေါ်ထောင့်တွင် M(a)ss(a)nger ဟု ရေးသားထားခြင်းတို့ကို တွေ့ရမှာဖြစ်ကြောင်း၊ messenagr.xyz ဟူသော ဝက်ဆိုက်လိပ်စာ (Website address) ကိုအသုံးပြုထားပြီး Messenger အတုရဲ့ စာမျက်နှာ ရိုက်ထည့်ပါက fbscam.me ဝက်ဘ်ဆိုက်မှ ရိုက်ထည့်သမျှကို ရယူသွားမှာဖြစ်ပြီး သုံးစွဲသူတွေရဲ့ log-in credential တွေဖြစ်တဲ့ email address/phone နဲ့ password တို့ကို ရယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှတစ်ဆင့် သိရပါတယ်။

သုံးစွဲသူတွေအနေနဲ့ သတိပြုနိုင်ရန်အတွက် မိမိအမှန်တကယ် ဝန်ဆောင်မှု ရယူသုံးစွဲနေသော website link အစစ်အမှန်များ ဟုတ် မဟုတ်ကို သတိပြုသုံးစွဲရန်၊ မိမိအသုံးပြုတဲ့ software များ၊ app များရဲ့ အမည်များကို သေချာစိစစ်ရန်နဲ့ ယုံကြည်ရသော နေရာများမှ ဒေါင်းလုပ်လုပ်ရန် (ဥပမာ – App Store, Playstore) အပြင် Two Factor Authentication လို့ခေါ်တဲ့ နှစ်ဆင့်ခံလုံခြုံရေးစနစ်အား မဖြစ်မနေ ထားရှိအသုံးပြုရန် တိုက်တွန်းထားပါတယ်။

သတင်းပုံများကို Myanmar ICT for Development Organization (MIDO) မှတစ်ဆင့် ရယူအသုံးပြုထားပါသည်။

-အောင်သူ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««