Meltdown နဲ့ Spectre ကာကွယ်မှုစနစ်ပါဝင်တဲ့ chip သစ်များကို ၂၀၁၈ နှစ်ကုန်တွင် Intel ဖြန့်ချိမည်

Meltdown နဲ့ Spectre တိုက်ခိုက်မှုတွေကို ကာကွယ်ပေးမယ့် စနစ်ပါဝင်တဲ့ ပထမဆုံး chip တွေကို Intel က ဒီနှစ်ကုန်ပိုင်းမှာ တင်ပို့ရောင်းချဖို့ မျှော်လင့်ထားတယ်လို့ ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် Brian Krzanich က ပြောကြားလိုက်ပါတယ်။

အားနည်းချက်တွေကို အပြည့်အဝအသုံးချတဲ့ အဲ့ဒီတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် ပြင်ဆင်မှုတွေကို ကုမ္ပဏီက အကောင်းဆုံး ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ Krzanich က ပြောပါတယ်။ ဒါကြောင့် ကုမ္ပဏီရဲ့ အနာဂတ် chip တွေမှာ “silicon-based” အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။

Spectre နဲ့ Meltdown တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း Intel ကထုတ်လုပ်ခဲ့တဲ့ chip အားလုံးနီးပါးမှာပါဝင်တဲ့ speculative execution လို့ခေါ်တဲ့ feature တစ်ခုရဲ့အားနည်းချက်ကို အကျိုးရှိရှိ အသုံးချထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် Meltdown တိုက်ခိုက်မှုဟာ AMD နဲ့ ARM ဒီဇိုင်းပေါ်အခြေခံထားတဲ့ chip တွေမှာပါ သက်ရောက်မှုရှိတာကြောင့် များမကြာမီ နှစ်တွေက ထုတ်လုပ်ထားတဲ့ ကွန်ပျူတာ၊ စမတ်ဖုန်းနဲ့ tablet အားလုံးနီးပါးမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ password အပါအဝင် ကွန်ပျူတာထဲမှာ သိမ်းဆည်းထားတဲ့ လျှို့ဝှက်အချက်အလက်တွေကို ရယူနိုင်ပါတယ်။

လက်ရှိမှာတော့ chip ရဲ့အားနည်းချက်အတွက် ပြင်ဆင်မှုတွေကို Intel, Microsoft နဲ့ အခြားကုမ္ပဏီတွေက software update တွေကနေ ဖြန့်ချိထားပါတယ်။ ဒါပေမဲ့ ဒီ software patch တွေက အခြေအနေတစ်ခုမှာ ကွန်ပျူတာရဲ့စွမ်းဆောင်ရည်ကို နှေးကွေးစေနိုင်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ကလည်း ကွန်ပျူတာတွေမှာ မမျှော်လင့်ဘဲ reboot ဖြစ်ပွားတာကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် Intel က ကုမ္ပဏီရဲ့ software patch ကို install မလုပ်ဖို့ သုံးစွဲသူတွေကို ပြောကြားခဲ့ပါတယ်။ Linux ဖန်တီးသူ Linus Torvalds ကလည်း Intel ရဲ့ patch တွေက အလုပ်မဖြစ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

-နောင်နောင်
Ref: BusinessInsider