Mastercard နှင့် Pine Labs တို့မှ pay later အမည်ရ အရစ်ကျပေးသွင်းခြင်းစနစ်ကို အရှေ့တောင်အာရှဈေးကွက် ၅ ခုတွင် မိတ်ဆက်မည်

Mastercard နဲ့ Pine Labs တို့အနေနဲ့ consumer မှာ အတိုး လုံးဝမပေးရဘဲ ငွေပေးချေနိုင်ရန်၊ ကုန်သည်များ စီးပွားရေးတိုးချဲ့ခြင်းနဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်ရန်၊ ငွေကြေးဆိုင်ရာ နည်းပညာလုပ်ငန်းများ၊ ငွေပေးချေမှုဆိုင်ရာဝန်ဆောင်မှုများနဲ့ စက်ပစ္စည်းထုတ်လုပ်သူများအတွက် ၎င်းတို့ရဲ့ ပေါင်းစည်းထားတဲ့ “pay later” ဝန်ဆောင်မှုကို လာမယ့်နှစ် အစောပိုင်းမှာ အရှေ့တောင်အာရှမှ ဈေးကွက်ငါးခုမှာ မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။

Mastercard ရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ အာရှရဲ့ ထိပ်တန်းကုန်သွယ်ရေး ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ Pine Labs တို့မှ ၂၀၂၀ နှစ်စပိုင်းမှာ အိန္ဒိယနဲ့ မလေးရှားတို့မှာ မိတ်ဆက်စတင်ခဲ့တဲ့ “pay later” ဝန်ဆောင်မှုကို ဖေဖော်ဝါရီလမှာ ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ဖြန့်ချိမှာဖြစ်ပြီး မကြာမီ ဗီယက်နမ်နိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဆက်လက် မိတ်ဆက် ဖြန့်ချိမယ်လို့ သိရပါတယ်။

“ရောင်းသူတွေအနေနဲ့လည်း ရောင်းချတဲ့အချိန်မှာ အရစ်ကျစနစ်တွေကို ပေးအပ်ခွင့်ရနိုင်မှာ ဖြစ်ပြီး သုံးစွဲသူတွေရဲ့ ဝယ်ယူတဲ့ အမူအကျင့်ကို တိုက်ရိုက်လွှမ်းမိုးကာ ဝယ်ယူမှု ပမာဏ မြင့်တက်လာပြီး ငွေကြေးချိန်ဆရခြင်းကြောင့် မဝယ်ဖြစ်တာတွေကို လျှော့ချနိုင်ကာ ရောင်းအားတွေလည်း တိုးမြှင့်လာမှာ ဖြစ်ပါတယ်။ အရစ်ကျပေးချေမှု နည်းလမ်းက Mastercard ရဲ့ ကျယ်ပြန့်တဲ့ ငွေပေးချေမှု အစီအစဉ်တွေကို ပြည့်စုံစေဖို့နဲ့ Mastercard ရဲ့ လုပ်ငန်းရည်မှန်းချက်ဖြစ်တဲ့ အားလုံးပူးပေါင်း ပါဝင်နိုင်တဲ့ ဒီဂျစ်တယ်စီးပွားရေးကိုဖော်ဆောင်ဖို့ အတွက် လုံခြုံ၊ လွယ်ကူ၊ စမတ်ကျသော ငွေပေးချေမှုတွေကတစ်ဆင့် ကောင်းမွန်တဲ့ ဝယ်ယူခြင်းအတွေ့အကြုံတွေ ရရှိစေဖို့ ဖြစ်ပါတယ်” လို့ Mastercard ရဲ့ အာရှ ပစိဖိတ်ထုတ်ကုန်နှင့် ဆန်းသစ်တီထွင်မှုဌာနရဲ့ ဒုတိယဥက္ကဋ္ဌ Sandeep Malhotra ကပြောပါတယ်။

“Mastercard နဲ့အတူ ကျွန်တော်တို့က သုံးစွဲသူတွေအတွက် သူတို့ရဲ့ ဝယ်ယူမှုတွေမှာ ဘယ်လိုမျိုးငွေပေးချေမလဲ ဆိုတာကို နည်းလမ်းအသစ်တွေ စဉ်းစားနိုင်ဖို့အတွက် ဖွင့်ပေးလိုက်တာ ဖြစ်ပြီး ရောင်းချသူတွေ၊ ဘဏ်တွေနဲ့ အခြားသော ချေးငွေလုပ်ကိုင်သူတွေကိုလည်း လုပ်ပိုင်ခွင့်ပေးကာ ဝယ်ယူသူတွေရဲ့ ဝယ်ယူရေး ဘဏ္ဍာရေးစီမံခန့်ခွဲခြင်းမှာ တိုးတက်လာစေမှာပါ။ COVID-19 ဖြစ်ပွားနေစဉ်ကာလမှာလည်း ထိုသို့ ဝယ်ယူနိုင်ခြင်းက ပေါ်ပြူလာဖြစ်လာပါတယ်။ ကျွန်တော်တို့ရဲ့ “pay later” အစီအစဉ်ရဲ့ ကျွမ်းကျင်မှုနဲ့ Mastercard ရဲ့ ကမ္ဘာအနှံ့တည်ရှိတဲ့ နည်းပညာအဆောက်အဦတွေကို ပူးပေါင်းကာ လွယ်ကူစွာ အသုံးပြုနိုင်ပြီး သုံးစွဲသူများအားလုံး ပါဝင်နိုင်ကာ ဝယ်ယူမှုအဆင့်တိုင်းမှာ လွယ်ကူချော့မွေ့စွာ လုပ်ဆောင်နိုင်ဖို့အတွက် omni-channel solution တွေကို နေ့စဉ်လူမှုဘဝတွေဆီ သယ်ဆောင်ပေးမှာဖြစ်ပါတယ်” လို့ Pine Labs ရဲ့ အမှုဆောင်အရာရှိချုပ် B. Amrish Rau ကပြောပါတယ်။

ယခုနှစ် ဇန်နဝါရီလမှာ Mastercard အနေနဲ့ Pine Labs တွင် ရင်းနီးမြှုပ် နှံမှုပြုလုပ်ခဲ့ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော် ငွေပေးချေမှုရှိခဲ့ကာ တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းရှိ ကွန်ရက်နေရာပေါင်း ၄၅၀,၀၀၀ မှ ကုန်သည် ၁၅၀,ဝဝဝ ခန့်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««