Mahar Mobile Application မှ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား နှစ်ထောင်ကျော် တစ်လတာ အခမဲ့ပြသမည်

COVID-19 ကြောင့် ပြည်သူများ နေအိမ်တွင်နေထိုင်ကြရန် နှိုးဆော်ထားစဉ် ပြည်သူများ စိတ်အပန်းပြေစေရေးနှင့် စိတ်ဓာတ်မြှင့်တင်ပေးနိုင်ရေးကို အထောက်အကူပြုနိုင်ရန် Mahar Mobile Application မှ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား နှစ်ထောင်ကျော် တစ်လတာ အခမဲ့ပြသသွားမယ်လို့ သိရပါတယ်။

ဧပြီ ၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အနေနဲ့ ABC Content Solution Co.,Ltd. (Mahar Mobile Application)မှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးဆွေးနွေးခဲ့တာဖြစ်ပါတယ်။ Mahar Mobile Application မှ စုဆောင်းထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား လေးထောင်ကျော်အနက်မှ နှစ်ထောင် ကျော်ကို တစ်လတာ အခမဲ့ပြသနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။ Mahar Mobile App မှ စုဆောင်း ထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေဖြစ်တဲ့ ငဒူ၊ ဟန်းနီးမွန်း၊ ဖက်ရှင်၊ သားဘီလူး၊ ရွှေကြာ စတဲ့ ဇာတ်ကားများ အပါအဝင် စုစုပေါင်း ဇာတ်ကားနှစ်ထောင်ကျော်ကို ယခုနှစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အတွင်း ပြည်သူများ အခမဲ့ ကြည့်ရှုနိုင်ရန်အတွက် တစ်လတာကြည့်ရှုခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

တစ်လတာကြည့်ရှုဖို့အတွက် Promo Code အရေအတွက်ပေါင်း သုံးသန်းကို လှူဒါန်းပေးဝေသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ Mahar Mobile App သို့ ဝင်ရောက်ပြီး Code နံပါတ် 230320 ဖြည့်စွက်၍ အခမဲ့ ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

-ဝေဝေ