Magic Keyboard ပါဝင်လာတဲ့ ၁၃ လက်မ MacBook Pro ကို Apple မိတ်ဆက်

Apple ဟာ Magic Keyboard ပါဝင်လာတဲ့ ၁၃ လက်မ MacBook Pro အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ MacBook Pro မှာ ဒဿမမြောက်မျိုးဆက် Intel ပရိုဆက်ဆာ ပါဝင်လာပြီး ဒေါ်လာ ၁,၂၉၉ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ၁၃ လက်မအရွယ် MacBook Pro အတွက် အဆင့်မြှင့်တင်မှု အနည်းငယ် ပါဝင်လာပါတယ်။ Apple အနေနဲ့ ခေတ်သစ်တစ်ခုကို စတင်တော့မှာ ဖြစ်တဲ့အတွက် butterfly keyboard ကို laptop အသစ်တွေမှာ အသုံးပြုတော့မှာ မဟုတ်ပါဘူး။

Apple ရဲ့ MacBook Pro အသစ်မှာThunderbolt 3 / USB-C တွေပါဝင်လာပါတယ်။ ဒါ့အပြင် touch bar နဲ့အတူ Touch ID fingerprint sensor နဲ့ Esc key တစ်ခုလည်း ပါဝင်လာပါတယ်။ MacBook Pro အသစ်ရဲ့ RAM က 32GB နဲ့ storage ကတော့ 4TB အထိရှိလာပါတယ်။ အခုပါဝင်လာတဲ့ Intel ပရိုဆက်ဆာက turbo မြန်နှုန်းကို 4.1Ghz အထိ မြှင့်တင်ပေးနိုင်ပြီး Intel Iris graphics ကတော့ 6K ရုပ်ထွက်အရည်အသွေး အထိ Pro Display XDR ကို ထောက်ပံ့ပေးနိုင်ပါတယ်။

ဒေါ်လာ ၁,၂၉၉ တန်ကြေးရှိတဲ့ MacBook Pro အခြေခံမော်ဒယ်မှာတော့ storage 256GB ပါဝင်ပေမယ့် ဒဿမမြောက် Intel ပရိုဆက်ဆာမပါဝင်ဘဲ RAM 8GB ပဲ ပါဝင်ပါမယ်။ RAM 16GB အထိပါဝင်တဲ့မော်ဒယ်အတွက် ဒေါ်လာ ၁၀၀ ထပ်ပေးရပါမယ်။

စိုးထက်
Ref: TheVerge

မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်နော် . . .