MacBook Pro 2020 (13 inch)

ဈေးနှုန်း – ကန်ဒေါ်လာ ၁၇၉၉

အားသာချက်

လှပတဲ့ဒီဇိုင်း၊ ပြည့်ဝကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ အထူးကောင်းမွန်တဲ့ ကီးဘုတ်၊ မြန်ဆန်တဲ့ SSD စွမ်းဆောင်ရည်နဲ့ အသံအရည်အသွေး ပြည့်ဝတဲ့ စပီကာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

Display ရဲ့ bezels တွေက ထူတာနဲ့ ကိုယ်ထည်ရဲ့ အလေးချိန် လေးလံတာက ဒီ Laptop ရဲ့ အားနည်းချက်ပါ။ ဒါအပြင် ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ဒီထက် ပိုကြာရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။

သုံးသပ်ချက်

Apple က MacBook Pro 2020 မှာ အပြောင်းအလဲအများကြီး မလုပ်ထားပါဘူး။ ဒါပေမဲ့ MacBook Pro သုံးစွဲသူတွေ နှစ်သက်စေမယ့် အချက်တွေဖြစ်တဲ့ RAM နဲ့ သိုလှောင်နိုင်မှုတွေကို နှစ်ဆတိုးထားသလို အထူးကောင်းမွန်တဲ့ ကီးဘုတ်နဲ့ မြန်ဆန်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ SSD တွေ ထည့်သွင်းထားပြီး ဈေးကလည်း ကန်ဒေါ်လာ ၁၇၉၉ ပဲရှိတာပါ။ သင့်အနေနဲ့ MacBook Pro ထက် ဘက်ထရီပိုကြာကြာ၊ Display နဲ့ စွမ်းဆောင်ရည်ပိုင်း ပိုကောင်းတာ သုံးချင်ရင်တော့ ကန်ဒေါ်လာ ၁၇၄၉ ပဲရှိတဲ့ Dell XPS 13 ကို ရွေးချယ်သင့်ပါတယ်။ အဆင့်မြှင့်တင်ထားမှုတွေနဲ့ ဖန်တီးထားတဲ့ ၁၃ လက်မ MacBook Pro ကတော့ ကျောင်းသားတွေနဲ့ ဖန်တီးမှုတွေလုပ်ဆောင်နေတဲ့ ပရော်ဖက်ရှင်နယ်တွေနဲ့ Apple သုံးစွဲသူတွေ အကြိုက်ဖြစ်မယ့် Laptop တစ်လုံးလို့ သုံးသပ်ရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

MacBook Pro ရဲ့ ၁၃.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 2560x1600p ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 2.0GHz ရှိတဲ့ 10th Gen Intel Core-i5-1030NG7 processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel Iris Plus GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB SSD တွေ ပါဝင်ပါတယ်။ စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှု ရှိသလို ဘေ့စ်သံထွက်ပိုင်းကလည်း ကျေနပ်စရာပါ။ 720p Webcam ကလည်း အွန်လိုင်းဗီဒီယို ဖုန်းခေါ်ဆိုမှုအတွက် အဆင်ပြေလှပေမယ့် အရမ်းကောင်းတယ်လို့တော့ မခံစားရပါဘူး။ ၄.၄x၂.၆ လက်မရှိတဲ့ Trackpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး ကောင်းမွန်တဲ့ palm rejection စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။ Touch Bar ရဲ့ ညာဘက်နားမှာ Touch ID စနစ် ထောက်ပံ့ပါဝင်တဲ့ ပါဝါခလုတ်နဲ့ ဒီ Laptop ရဲ့ ဘယ်ညာမှာ Thunderbolt 3 ပေါက် နှစ်ပေါက်ဆီ ထည့်သွင်းထားပြီး နားကြပ်ပေါက်ကတော့ ကိုယ်ထည်ရဲ့ ညာဘက်ဘောင်ထဲမှာ ဖြစ်ပါတယ်။

MacBook Pro က တစ်နေ့တာ အသုံးပြုမှုအတွက် လုံလောက်တဲ့ ဘက်ထရီစွမ်းဆောင်ရည်ရှိတဲ့ Laptop တစ်လုံးလို့ ဆိုရမှာပါ။ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၀ နာရီနဲ့ ၂၁ မိနစ်ခန့် အသုံးပြုနိုင်တာက စိတ်တိုင်းကျစရာပါ။ အလေးချိန်ကတော့ ၁.၄ ကီလိုဂရမ် (၃.၁ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««