Lyft တွင် ဒေါ်လာ တစ်ဘီလျံရင်းနှီးမြှုပ်နှံရန် Alphabet ဆွေးနွေးနေဟုဆို

Google ရဲ့မိခင်ကုမ္ပဏီ Alphabet ဟာ Lyft မှာ ဒေါ်လာ တစ်ဘီလျံ ရင်းနှီးမြှုပ်နှံဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးမှုမှာ Alphabet က ထိပ်တန်းအရာရှိတွေပါဝင်တယ်လို့ Axios က ဖော်ပြခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို Google နဲ့ Alphabet ရဲ့ ရင်းနှီးမြှုပ်နှံမှုဌာန CapitalG တို့က သီးခြားစီ ပြုလုပ်ဖွယ်ရှိတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး Alphabet ရော Lyft က တာဝန်ရှိသူတွေက ထင်မြင်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

အဆိုပါ ကုမ္ပဏီဟာ ခိုင်မာတဲ့ ရင်းနှီးဆက်ဆံမှုတွေရှိပြီးသား ဖြစ်ပါတယ်။ မေလက Alphabet ရဲ့ မောင်းသူမဲ့ကားဌာန Waymo က မောင်းသူမဲ့ကားနည်းပညာကို ပူးပေါင်းဆောင်ရွက်ရန်အတွက် Lyft နဲ့ သဘောတူညီမှု ရယူခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်လကလည်း app ကိုအခြေခံထားတဲ့ တက္ကစီကုမ္ပဏီ Lyft က မောင်းသူမဲ့ကားဌာနတစ်ခုကို တည်ထောင်ခဲ့ပြီး အဲ့ဒီဌာနကို Palo Alto မှာ အခြေစိုက်မယ်လို့ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း Lyft က ကုမ္ပဏီရဲ့ မောင်းသူမဲ့ကားလုပ်ငန်းကို တိုးချဲ့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် Google ရဲ့ ရင်းနှီးမြှုပ်နှံမှုက ကုမ္ပဏီရဲ့ရည်မှန်းချက်ကို ဖြစ်မြောက်စေနိုင်ပြီး အဓိကပြိုင်ဘက် Uber နဲ့ယှဉ်ပြိုင်ရာမှာလည်း အထောက်အကူဖြစ်စေနိုင်မယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: BusinesInsider