LG Gram 14 (2-in-1) 2020

ဈေးနှုန်း – ကန်ဒေါ်လာ ၁၅၉၉

အားသာချက်

ကိုယ်ထည်ပိုင်းက အကြမ်းခံသလို ပေါ့ပါးမှုရှိတာက သွားလေရာ ခရီးဆောင်အနေနဲ့ အသုံးပြုချင်သူတွေ အကြိုက်ဖြစ်မှာ ဖြစ်ပါတယ်။ မြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ပြိုင်ဘက် 2in1 မော်ဒယ်တွေထက် ဘက်ထရီနဲ့ အချိန်ပိုကြာကြာ အသုံးပြုမှုတွေအပြင် Active Pen အတွက် သီးသန့်ထပ်ပြီး ပိုက်ဆံကုန်စရာ မလိုအောင် တစ်ပါတည်း ထည့်သွင်းပေးထားတာတွေက ဒီ Laptop ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

ဒီဇိုင်းပိုင်းက အရမ်းဆွဲဆောင်မှု မရှိဘဲ ရိုးရှင်းတယ်လို့ ခံစားရတယ်။ စပီကာပိုင်းက ပေးရတဲ့ဈေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သိပ်အားမရဘူးလို့ ဆိုရမှာပါ။ နောက်တစ်ခု ဈေးအနည်းငယ်ကြီးတယ်လို့ မြင်ပါတယ်။

သုံးသပ်ချက်

LG Gram 14 (2-in-1) Laptop က အမြင်အရတော့ ပုံမှန် Laptop တစ်လုံးလို့ ထင်စရာရှိပေမယ့် ပေါ့ပါးတဲ့အလေးချိန်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိင်မှုတွေက ၁၄ လက်မ အရွယ်အစား ပြိုင်ဘက် Laptop မော်ဒယ်တွေကို ကောင်းကောင်း အလဲထိုးနိုင်တဲ့ အချက်နှစ်ချက်လို့ ဆိုရမှာပါ။ နောက်တစ်ခုက Active Stylus Pen တစ်ပါတည်း ပါဝင်တာကလည်း Pen အတွက် ပိုက်ဆံ ထပ်မံကုန်ကျစရာ မလိုတော့သလို စုံလင်တဲ့ Port တွေနဲ့ USB-C-to-Ethernet adapter တွေ ထောက်ပံ့ပါဝင်တာက ပြီးပြည့်စုံမှုရှိတယ်လို့ ခံစားရမှာပါ။ Display ကလည်း ကြည်လင်ပြတ်သားမှုရှိသလို ကီးဘုတ်စနစ်ကလည်း အဆင်ပြေလှပေမယ့် အသံထွက်ပိုင်းက အနည်းငယ် အားနည်းတယ်လို့ ခံစားရတာနဲ့ ဈေးအနည်းငယ်များတဲ့အပြင် Active Pen ထည့်စရာအပေါက် မပါဝင်တာက အခြားပြိုင်ဘက်တွေကို အသာစီးရစေတယ်လို့ မြင်ပါတယ်။ အသံထွက်ပိုင်း အဆင်ပြေအောင်က ကြိုးမဲ့နားကြပ်နဲ့ စပီကာတွေ အသုံးပြု ဖြေရှင်းနိုင်မှာဖြစ်ပေမယ့် Lenovo ThinkPad C940 လို Pen ထည့်စရာ တစ်ပါတည်း ပါဝင်တာက ပိုအဆင်ပြေတယ်လို့ ဆိုရမှာပါ။ အဲလိုမဟုတ်လည်း အဆင်ပြေတယ်ဆိုရင်တော့ ဒီဇိုင်းရိုးရှင်းပြီး ပေါ့ပါးကာ အကြမ်းခံနိုင်တဲ့အပြင် ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ 2-in-1 Laptop တစ်လုံးကို အသုံးပြုချင်တယ်ဆိုရင်တော့ LG Gram 14 က ထိပ်တန်းရွေးချယ်စရာ Laptop တစ်လုံးလို့ ဆိုရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၄ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 1920×1080 အထိ ထောက်ပံ့ပေးနိုင်တဲ Touchscreen panel အမျိုးစားဖြစ်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 1.8GHz ရှိတဲ့ 10th Gen Intel Core-i7 10510 processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1TB m.2 NVMe SSD တွေ ပါဝင်ပါတယ်။ စပီကာ အသံထွက်ပိုင်းက ကျယ်လောင်မှုရှိပေမယ့် အသံထွက်ပိုင်း အနေနဲ့ စပီကာကျယ်တဲ့ ဖုန်းတစ်လုံးလို ခံစားရစေပါတယ်။ ဒီ Laptop က Mainstream Laptop တစ်လုံးမှာ ပုံမှန်ရှိသင့်တဲ့ စွမ်းဆောင်ရည်နီးပါးကို ပိုင်ဆိုင်ထားပါတယ်။ 720p အမျိုးအစား webcam ကလည်း ကောင်းမွန်မှုရှိပါတယ်။ ညာဘက်ဘောင်ထဲမှာ USB 2.0 ပေါက်နှစ်ပေါက်၊ နားကြပ်ပေါက်နဲ့ SD ကတ်ပေါက်တွေ ထည့်သွင်းထားပြီး ဘယ်ဘက်ဘောင်ထဲမှာ USB 3.1 Type-c ပေါက်၊ HDMI 2.0 ပေါက်၊ Thunderbolt 3 ပေါက်တွေ ပါဝင်ပြီး ညာဘက်မှာတော့ USB 3.1 ပေါက်၊ microSD ကတ်ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၄ နာရီခန့် အသုံးပြုနိုင်တာက ၉ နာရီကြာသာ အသုံးပြုနိုင်တဲ့ Swift 5 နဲ့ ၁၁ နာရီဝန်းကျင်အသုံးပြုနိုင်တဲ့ XPS 13 တို့ထက် ပိုကြာတဲ့ ရလဒ်ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၁ ကီလိုဂရမ် (၂.၅ ပေါင်) ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.Laptopmag.com