Lenovo ThinkPad X1 Fold

ဈေးနှုန်း– ကန်ဒေါ်လာ ၂၇၉၉

အားသာချက်

တီထွင်ဆန်းသစ်မှုရှိတဲ့ Laptop ဒီဇိုင်းက ဇိမ်ခံပစ္စည်းတစ်ခုကို ကိုင်ရသလို ခံစားရမှာဖြစ်တဲ့ အပြင် ကိုယ်ထည်ကို ဖွဲ့စည်းတည်ဆောက်ထားမှု build quality အရည်အသွေးက တော်တော်လေးကောင်းသလို အကြမ်းခံမှုရှိလည်း ရှိပါတယ်။ ရုပ်ထွက်အရည်အသွေး မြင့်မားကောင်းမွန်တဲ့ flexible OLED display ၊ Stylus စနစ်နဲ့ မီနီကီးဘုတ်စနစ်တွေ ထောက်ပံ့ပါဝင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

စွမ်းဆောင်ရည်ပိုင်းက အလယ်အလတ်လောက်သာရှိတာ၊ ဘက်ထရီနဲ့ အသုံးပြုနိုင်က သိပ်အားမရတာ၊ ပုံမှန်နဲ့ ကွဲပြားတဲ့ ဆော့ဖ်ဝဲစနစ်က သုံးရတာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နိုင်တာနဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ကီးဘုတ်နဲ့ Stylus တွေမပါဘဲကို ဈေးက ကန်ဒေါ်လာ ၂၅၀၀ လောက် ရှိတာတွေက ဒီ Laptop ရဲ့ အားနည်းချက်လို့ ပြောရမှာပါ။

သုံးသပ်ချက်

Lenovo ThinkPad X1 Fold က တီထွင်ဆန်းသစ်ထားတဲ့ နောက်ဆုံးပေါ် Laptop ကို သုံးချင်သူတွေ သဘောကျမယ့် Laptop တစ်လုံးပါ။ ခေါက်လို့ရတဲ့ Laptop ဖြစ်တဲ့အတွက် ခေါက်ဖုန်းတွေနဲ့မတူဘဲ Window 10 လုပ်ဆောင်ချက်အပြည့်ကို သုံးနိုင်တာတွေက နှစ်သက်စရာပါ။ နောက်တစ်ခုက ကိုယ်ထည် တည်ဆောက်ထားတဲ့ ဒီဇိုင်းက ဆွဲဆောင်မှုရှိသလို အကြမ်းခံပြီး ကိုင်တွယ်အသုံးပြုရတာကလည်း စတိုင်ကျမှုရှိတာတွေက ဒီ Laptop ရဲ့ အားသာချက်တွေလို့ ပြောရမှာပါ။ ခေါက်နိုင်တဲ့ Display ရဲ့ ရုပ်ထွက်ပိုင်းကလည်း မြင့်မားကောင်းမွန်ပြီး ခေါက်ပြီးသုံးတဲ့အခါမှာလည်း Windows ကို နှစ်ခြမ်းခွဲကာ သုံးနိုင်တာက ကီးဘုတ်မလိုဘဲ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ ကီးဘုတ်နဲ့ သုံးရတာကို ပိုနှစ်သက်တယ်ဆိုရင်တော့ ကန်ဒေါ်လာ ၂၉၉ တန် ကီးဘုတ်ကို ဝယ်သုံးရမှာပါ။ နောက်တစ်ခုက ဒီ Laptop ရဲ့ overall စွမ်းဆောင်ရည်ပိုင်းက ပရီမီယံ Laptop တစ်လုံးရဲ့ စွမ်းဆောင်ရည်ရမှတ်ထက် နည်းတာနဲ့ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ၆ နာရီဝန်းကျင်ပဲ ရတာတွေက ဈေးနှုန်းကြီးမြင့်တဲ့ ပရီမီယံ Laptop တစ်လုံးအတွက် သိပ်အားမရလှပါဘူး။ ဒါပေမဲ့ သင့်အနေနဲ့ ကမ္ဘာ့ပထမဆုံး စကရင်ကို ခေါက်ပြီး သုံးနိုင်တဲ့အပြင် စတိုင်ကျလှပသလို သွားလေရာယူဆောင် သုံးနိုင်လောက်အောင် အကြမ်းခံတဲ့ Laptop ကို သုံးချင်တယ်ဆိုရင်တော့ Lenovo ThinkPad X1 Fold က သင်ကို အထူးဆွဲဆောင်မယ့် Laptop တစ်လုံးပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Lenovo ThinkPad X1 Fold ရဲ့ ၁၃.၃ လက်မရှိတဲ့ ခေါက်လို့ရတဲ့ flexible OLEDDisplay က ရုပ်ထွက်အရည်အသွေး2048x1563p ထောက်ပံ့ပေးနိုင်တဲ့ Touchscreen ဖြစ်ပါတယ်။ Display ကို ခေါက်သုံးမယ် ဆိုရင်တော့ အလျား ၉.၃ လက်မနဲ့ အနံ ၆.၃ လက်မရှိမှာ ဖြစ်ပါတယ်။ စစ်တပ်သုံးအကြမ်းခံနိုင်မှု MIL-STD-8110G အဆင့်သတ်မှတ်ချက် ၁၂ ရှိတဲ့ ဒီ laptop မှာ Intel ရဲ့ အရွယ်အစား အသေးငယ်ဆုံး ပရီမီယံ chipset ဖြစ်တဲ့ Intel Lakefield x86 Core-i5-L16G7 processor ကို အသုံးပြုထားပြီး RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB eMMC SSD တွေ ပါဝင်ပါတယ်။ Geekbench 5 ရဲ့ overall စွမ်းဆောင်ရည် ရမှတ်အနေနဲ့ ၁၇၉၄ ရှိပြီး ဒီရမှတ်က ပျှမ်းမျှရှိသင့်တဲ့ ပရီမီယံ Laptop တစ်လုံးရမှတ် ၄၁၀၂ ထက် တော်တော်လေးနည်းတဲ့ ရမှတ်လို့ဆိုရမှာပါ။ စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှုရှိပြီး Selfie နဲ့ အွန်လိုင်းဗီဒီယိုဖုန်းခေါ်ဆိုမှု အတွက် ထည့်သွင်းပေးထားတဲ့ ကင်မရာက 5MP အမျိုးအစားက အလင်းအားနည်းတဲ့ပတ်ဝန်းကျင်မှာ အသုံးပြုဖို့အတွက်ကတော့ သိပ်အဆင်မပြေလှပါဘူး။

ThinkPad X1 Fold Mod Pen (Stylus) နဲ့ မီနီကီးဘုတ်က ထပ်မံဝယ်သုံးရမှာဖြစ်ပြီး မီနီကီးဘုတ်ကို Lenovo က ကန်ဒေါ်လာ ၂၉၉ နဲ့ ရောင်းချပါတယ်။ Mod Pen ရဲ့ အားသွင်းခေါင်းက USB-C အမျိုးအစားဖြစ်ပြီး ၁၅ မိနစ်လောက်အားသွင်းလိုက်ရုံနဲ့ နာရီပေါင်း ၂၅၀ ခန့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီLaptop မှာUSB Type-C နှစ်ပေါက်နဲ့ SIM ကတ်ပေါက်တွေ ပါဝင်ပေမယ့် နားကြပ်ပေါက်နဲ့ SD ကတ်ပေါက်တွေတော့ မပါဝင်ပါဘူး။

Lenovo ThinkPad X1 Fold ကို မြင်ကွင်းတောက်ပမှု150 nits နဲ့WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၆ နာရီနဲ့ ၀၃ မိနစ်ခန့် အသုံးပြုနိုင်တာ သိပ်အားမရစရာလို့ ဆိုချင်ပါတယ်။ အလေးချိန်ကတော့ ၀.၉၉ ကီလိုဂရမ် (၂.၂ ပေါင်) ရှိပြီး ပေါ့ပါးမှုရှိတယ်လို့ဆိုရမှာ ဖြစ်သလို Laptop ကို ခေါက်ထားမယ်ဆိုရင်တော့ ဒိုင်ယာရီစာအုပ်အပါးတစ်အုပ်စာ အထူပဲရှိတာက ကိုင်ရတာ စတိုင်ကျတယ်လို့ ခံစားရမှာပါ။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««