Learning Management System များဖြင့် အခြေခံပညာရေးနှင့် နည်းပညာနှင့် သက်မွေးပညာရေးများကို အခမဲ့သင်ယူနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိ

Myanmar Digital Education Platform (MDEP)တွင် Learning Management System များဖြင့် အခြေခံပညာရေးနှင့် နည်းပညာနှင့် သက်မွေးပညာရေးများကို အခမဲ့ သင်ယူနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

“အခြေခံပညာအထက်တန်းကျောင်းများ၊ နည်းပညာနှင့် သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များတွင် WiFi ,Website များ ဆောင်ရွက်ပေးနေကြောင်း၊ စာကြည့်တိုက်များတွင်လည်း e-library Facility များ ဖန်တီးပေးရန်လိုကြောင်း၊ သင်ယူမှုဝန်းကျင်သည် လုံခြုံရန်၊ ဘေးကင်းရန်နှင့် ကျန်းမာရန်လိုအပ်ကြောင်း၊ အရည်အသွေးရှိသော သင်ယူမှုဝန်းကျင်ကောင်းဖြစ်ရန် အတွက် အရေးကြီးကြောင်း၊ နည်းပညာသင်ကြားရေးနှင့် လေ့ကျင့်ရေးများတွင်လည်း ပုံမှန်သင်တန်းများ အပြင် ဒေသအကျိုးပြု ကာလတိုသက်မွေးသင်တန်း များကိုလည်း ဆောင်ရွက်ပေးနေကြောင်း၊ Myanmar Digital Education Platform (MDEP)တွင် Learning Management System များဖြင့် အခြေခံပညာရေးနှင့် နည်းပညာနှင့် သက်မွေးပညာရေးများတွင် အခမဲ့ သင်ယူနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ South-East Asia Primary Learning Matrix (SEA PLM) ကို အာဆီယံ (၆) နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယူနီဆက်၊ ဆီမီယိုနှင့် ဩစတြေးလျတို့ ပူးပေါင်းပြီး ဆောင်ရွက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသည် ပထမဆုံးဆောင်ရွက်သောနိုင်ငံဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် ကျောင်းသားမိဘများနှင့် ညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲရေးအတွက် ကျောင်းသားမိဘများနှင့် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီက နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးပြည်နယ် အသီးသီးရှိ ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««