KG+12 သင်ရိုးညွှန်းတမ်းများကို နေအိမ်မှတစ်ဆင့် သင်ကြားနိုင်ရန် ဒစ်ဂျစ်တယ်သင်ခန်းစာများ အဖြစ် ပြုစုလျက်ရှိ

အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနများက Equipping Youth for Employment -EYE Project နဲ့ ပူးပေါင်းပြီး နေအိမ်အခြေပြု လေ့လာသင်ယူနိုင်ရန်အတွက် KG+12 သင်ရိုးညွှန်းတမ်းများကို ဒစ်ဂျစ်တယ်သင်ခန်းစာများ အဖြစ် ပြုစုပေးလျက်ရှိတယ်လို့ ETVSCG ညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။

ပညာရေးဒီဂရီ ကောလိပ်များအတွက် စဉ်ဆက်မပြတ် စွမ်းဆောင်ရည်မြင့်မားရေး(Continuous Professional Development-CPD) နှင့် သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System-LMS) သင်ခန်းစာများအတွက် TOT သင်တန်းများကို ပညာရေးနှင့် အင်္ဂလိပ်စာတွင် ရလဒ်ကောင်းများရရှိရေး အစီအစဉ် (Towards Results in Education and English-TREE) နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ GTI, GTC, GTHS နှင့် နည်းပညာနှင့် သက်မွေးပညာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်တိုင် သင်ယူလေ့လာနိုင်ရန် အွန်လိုင်းသင်တန်းများ စီစဉ်ပေးလျက်ရှိကြောင်း၊ လာမည့်ပညာသင်နှစ်၌ ဝေးလံခေါင်ဖျားဒေသများနှင့် ဖွံ့ဖြိုးမှုအားနည်းသောဒေသများမှ ကျောင်း ၅၀၀၀ ကို EU နှင့် DFAT, My-EQIP မှထောက်ပံ့သည့် DBE Boxes ၅၀၀၀၊ DBE Sticks ၈၀၀၀ ထောက်ပံ့ပေးရန် လျာထားကြောင်း၊ နေအိမ်အခြေပြု လေ့လာသင်ယူရန်အတွက် KG+12 သင်ရိုးညွှန်းတမ်းများကို ဒီဂျစ်တယ်သင်ခန်းစာများ အဖြစ် အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနများက Equipping Youth for Employment – EYE Project နှင့် ပူးပေါင်းပြုစုပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း မှတစ်ဆင့် အခြေခံပညာ သင်ယူပြီးမြောက်မှုလက်မှတ် ရရှိသူတွေအတွက် အိုင်စီတီ၊ အင်္ဂလိပ်စာ၊ လက်သန့်စင်ခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ ခရီးသွားလုပ်ငန်း အစရှိတဲ့ ဘာသာရပ်များကို အွန်လိုင်းမှ ပို့ချပေးလျက်ရှိတယ်လို့ သိရပါတယ်။ ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(Education and TVET Sector Coordination Group-ETVSCG) ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက် က Virtual စနစ်နဲ့ ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««