KBZPay အသုံးပြုသူများအနေဖြင့် 2C2P သို့ ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်

အရှေ့တောင်အာရှရဲ့ ငွေပေးချေမှု ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ 2C2P နဲ့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းပိုက်ဆံအိတ်ဖြစ်တဲ့ KBZPay တို့အနေနဲ့ မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုကွန်ရက် တိုးချဲ့နိုင်ရေးအတွက် မိတ်ဖက်ပူးပေါင်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

မိတ်ဖက်ပူးပေါင်းမှုမှတစ်ဆင့် 2C2P ရဲ့ အွန်လိုင်းငွေပေးချေမှု စနစ်တွေနဲ့ အတူ KBZPay ရဲ့ မိုဘိုင်းပိုက်ဆံအိတ် နည်းပညာနဲ့ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် နိုင်ငံတကာနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနဲ့ ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန် အခွင့်အလမ်းသစ်များ ဖန်တီးဖော်ဆောင်ပေးနိုင်ရေး အတူတကွ ဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် 2C2P ရဲ့ မိတ်ဖက်နဲ့ ဈေးဆိုင်တွေကို KBZPay အသုံးပြုသူတွေနဲ့ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပြီး လွယ်ကူ ထိရောက်စွာ အသုံးချနိုင်သော ငွေပေးချေမှု ပုံစံသစ်များ ပေါ်ထွက်လာမယ်လို့ သိရပါတယ်။

မိတ်ဆက်ပူးပေါင်းမှု မှတစ်ဆင့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအတွက် ငွေပေးချေရန်၊ ဘီလ်ပေးဆောင်ရန်၊ နေ့စဉ် ငွေရေးကြေးရေး စီမံခန့်ခွဲမှုများ လုပ်ဆောင်ရန် အဆင်ပြေလွယ်ကူပြီး လုံခြုံစိတ်ချရသော မိုဘိုင်း ငွေကြေးလုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်မယ့်အပြင် မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူတွေအနေနဲ့ မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုပြီး ကမ္ဘာတစ်ဝန်းနှင့် နိုင်ငံတကာရှိ 2C2P ရဲ့ ဈေးဆိုင်များသို့ ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

“အရှေ့တောင်အာရှမှာ လက်ရှိ မြန်မာနိုင်ငံဟာ တိုးတက်မှုအမြန်ဆုံးနဲ့ hyper-connected အဖြစ်ဆုံး လူငယ်ပိုင်း အသက်အရွယ် အပိုင်းအခြားရှိတဲ့ နေရာတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ပြီးတော့ ဒီလူငယ်တွေဟာ နောက်ဆုံးပေါ် ခေတ်မီ နည်းပညာတွေ အသုံးချထားတဲ့ ငွေပေးချေမှုပုံစံတွေကို ပိုပြီး ရှာဖွေလာကြတာ တွေ့ရပါတယ်။ ကျွန်တော်တို့ 2C2P အနေနဲ့ ဒီနှစ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သွားမယ့် တိုးချဲ့မှုတွေအရ အခုလို KBZPay နဲ့ မိတ်ဖက်ပူးပေါင်းနိုင်ခဲ့တဲ့ အတွက် ဝမ်းသာကျေနပ်မိပါတယ်။ အခုဆိုရင် ထိတွေ့စရာ မလိုဘဲ ဆောင်ရွက်နိုင်တဲ့ အွန်လိုင်းနဲ့ မိုဘိုင်း ငွေပေးချေမှုတွေ ပိုပြီး လိုအပ်တာနဲ့အမျှ ကျွန်တော်တို့ရဲ့ ကွန်ရက်အမျိုးမျိုးမှာရှိတဲ့ မိတ်ဖက်တွေ၊ ဈေးဆိုင်တွေ အတွက် ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီ ဖြစ်ပါတယ်” လို့ 2C2P Myanmar ရဲ့ Country Head ဖြစ်သူ ဦးပြေငြိမ်း က ပြောပါတယ်။

“KBZPay အနေနဲ့ ပြည်တွင်းမှာ ငွေပေးချေမှုပုံစံအသစ်တွေ မိတ်ဆက်ပေးနိုင်အောင် ကျွန်တော်တို့ရဲ့ ဂေဟစနစ်ကို ဆက်လက် တိုးချဲ့ဖြန့်ကြက်သွားပါဦးမယ်။ ဒါမှသာ အများပြည်သူတွေအနေနဲ့ သူတို့ ချစ်ခင်ရတဲ့သူတွေအပြင် ကိုယ်စားလှယ်တွေ၊ ဝန်ဆောင်မှုပေးတဲ့သူတွေ၊ e-commerce နဲ့ လက်လီ အရောင်းဆိုင် ပလက်ဖောင်းတွေ၊ အစိုးရ ဝန်ဆောင်မှုလုပ်ငန်းတွေ အပါအဝင် အခြား အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်နိုင်မှာပဲ ဖြစ်ပါတယ်။ အခုလို 2C2P နဲ့ မိတ်ဖက်ပူးပေါင်းမှုက နောက်ဆုံးပေါ် ငွေပေးချေမှု နည်းပညာတွေကို အသုံးချပြီး ပြည်တွင်းမှာ မိုဘိုင်း ငွေကြေးလုပ်ဆောင်ချက်တွေရဲ့ ကဏ္ဍကို အရှိန်မြှင့်တင်နိုင်ဖို့ ကြိုးစားသွားမယ် ဆိုတဲ့ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်ကို ပေါ်လွင်စေမှာ ဖြစ်ပါတယ်” လို့ Head of KBZPay ဖြစ်သူ Mr. Chong Ho Yoon က ပြောပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««