KBZPay အက်ပလီကေးရှင်း ဗားရှင်းသစ်ကို မိတ်ဆက်

KBZPay အနေနဲ့ အသုံးပြုသူနဲ့ ကိုက်ညီမှုအရှိဆုံးပုံစံ၊ အဆင့်မြင့် နည်းပညာလုပ်ဆောင်ချက်များအပြင် တိုးချဲ့ထားသော ငွေကြေးဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ထည့်သွင်းပြီး အက်ပလီကေးရှင်း ဗားရှင်းသစ်ကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

KBZPay ဗားရှင်း ၃.၀ ကို ပိုမို ကောင်းမွန်သော ဝန်ဆောင်မှု ပေးနိုင်ရန်နဲ့ ငွေသားမဲ့ ငွေကြေးဆောင်ရွက်မှု အတွေ့အကြုံကို တိုးမြှင့်ပေးအပ်နိုင်ရန် ဖန်တီးထားပြီး Android နဲ့ iOS နှစ်မျိုးစလုံးမှာ ရယူအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

အက်ပလီကေးရှင်း ဗားရှင်းအသစ် ရယူမြှင့်တင်ပြီးပါက ကဏ္ဍသုံးခု ခွဲ၍ ထည့်သွင်းပေးထားသော ဗားရှင်းအသစ်ကို တွေ့မြင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ KBZPay အက်ပလီကေးရှင်း ဗားရှင်းအသစ်ကို Google Play Store သို့မဟုတ် Apple App Store မှာ download ပြုလုပ်နိုင်ပြီး ဝန်ဆောင်မှုအသစ် အကြောင်းကို KBZPay ရဲ့ တရားဝင် Facebook စာမျက်နှာ www.facebook.com/KBZPay မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

“အခုဆိုရင် KBZPay ရဲ့ အသွင်သစ်နဲ့ အက်ပလီကေးရှင်းတစ်ခုကနေ ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရတဲ့ ငွေလွှဲလုပ်ဆောင်ချက်တွေကို မိုဘိုင်းဖုန်းကနေ ပြုလုပ်နိုင်အောင် ဝန်ဆောင်မှုပေးရင်း မြန်မာနိုင်ငံက ပြည်သူတွေအတွက် အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ဖော်ဆောင်ပေးသွားမှာပါ။ KBZPay မိုဘိုင်းပိုက်ဆံအိတ်ဟာ အက်ပလီကေးရှင်းတစ်ခုဆိုတာထက် သာလွန်နေပါပြီ။ ဝန်ဆောင်ခ ပေးစရာမလိုဘဲ တခြားသူတွေဆီ ငွေလွှဲနိုင်အောင် ဆောင်ရွက်ပေးတယ်။ ပြီးတော့ ပေးဆောင်စရာရှိတဲ့ ဘီလ်တွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ အလွယ်တကူ ပေးနိုင်အောင် ဝန်ဆောင်ပေးတယ်။ ကျွန်တော်တို့ရဲ့ KBZPay အသုံးပြုသူတွေကတော့ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ KBZPay ကို ဘယ်လိုအကျိုးရှိရှိ အသုံးပြုနိုင်တယ်ဆိုတာ လက်တွေ့ သိမြင်နေကြရပြီ ဖြစ်ပါတယ်။ အဲ့ဒီ့အချက်က ဒီနှစ်အစပိုင်း ဇန်နဝါရီလနဲ့နှိုင်းယှဉ်ရင် ၂၀၂၀ ခုနှစ်၊ ဇွန်လမှာ အသုံးပြုသူတွေရဲ့ KBZPay ထဲမှာ လည်ပတ်အသုံးပြုနေတဲ့ ငွေကြေးပမာဏ (၁၆၇%) အထိ မြင့်တက်သွားတာကို ကြည့်ရင် သိနိုင်ပါတယ်” လို့ကမ္ဘောဇဘဏ်ရဲ့ အလုပ်အမှုဆောင်အရာရှိဖြစ်သူ Mike DeNoma က ပြောပါတယ်။

-အောင်သူ