KBZPay မှ ဒစ်ဂျစ်တယ်စနစ်ချေးငွေ ဝန်ဆောင်မှုဖြစ်သည့် ဈေးဝယ်ချေးငွေကို စတင်မိတ်ဆက်

KBZPay မှ ချေးငွေရယူလိုသူတွေရဲ့ ချေးငွေရသင့်၊ မရသင့်ဆိုတဲ့ အချက်ကို စက်ရဲ့လေ့လာသင်ယူနိုင်စွမ်း နည်းပညာနဲ့ အလိုအလျောက် ဆုံးဖြတ်ပေးမယ့် စနစ် (Automated Decision Machine) တစ်ခု ထည့်သွင်းအသုံးပြုထားသော ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေ ဝန်ဆောင်မှုအဖြစ် ဈေးဝယ်ချေးငွေ ကို စတင် မိတ်ဆက်လိုက်ပါတယ်။

KBZPay ဈေးဝယ်ချေးငွေကို လခစား ဝန်ထမ်း၊ KBZPay အသုံးပြုသူတွေအနေနဲ့ ငွေကျပ်သိန်း (၅၀) အထိ လွယ်ယူလျင်မြန်စွာ ချေးငွေရယူပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ KBZPay မိတ်ဖက်ဈေးဆိုင်တိုင်းမှာ မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ် အိမ်အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့ ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။

ဈေးဝယ်ချေးငွေ လျှောက်ထားမှု လုပ်ငန်းစဉ်တစ်ခုလုံးကို KBZPay မိုဘိုင်းအက်ပလီကေးရှင်းအတွင်း စာရွက်စာတမ်း အသုံးပြုရန်မလိုဘဲ မိုဘိုင်းစနစ်ဖြင့် အစ၊ အဆုံး စီမံဆောင်ရွက်နိုင်ကြောင်း၊ ချေးငွေရယူသူများမှာ အပေါင်ပစ္စည်း၊ အာမခံ ပုဂ္ဂိုလ်၊ လျှောက်လွှာကြေး စတာတွေကို ပေးအပ်ရန်မလိုအပ်ဘဲ ချေးငွေအတည်ပြုခြင်း အဆင့်ကို ၂၄ နာရီထက်မပိုတဲ့ ကာလအတွင်း ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ချေးငွေရရှိကြောင်း အတည်ပြုပြီး နောက်နေ့မှစ၍ KBZPay မိုဘိုင်း ပိုက်ဆံအိတ်အတွင်းရှိ ဈေးဝယ်ချေးငွေကို အသုံးပြုကာ ၁၂ လ၊ ၁၈ လ၊ ၂၄ လ စသည်ဖြင့် နှစ်သက်ရာ လစဉ် ချေးငွေပြန်လည်ပေးဆပ်မှုများကို ရွေးချယ်ပြီး စတင် ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

ကမ္ဘောဇဘဏ်၏ Head of KBZPay and Unsecured Consumer Lending ဖြစ်သူ Mr. Chong Ho က “မြန်မာနိုင်ငံက ပြည်သူတွေ၊ အထူးသဖြင့် နိုင်ငံအတွင်းက လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ လူဦးရေအတွက် ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ဆိုတဲ့ ကမ္ဘောဇဘဏ်ရဲ့ ကတိကဝတ်အတိုင်း KBZPay ဈေးဝယ်ချေးငွေ အပါအဝင် နောက်ထပ် ချေးငွေဝန်ဆောင်မှု ထုတ်ကုန်တွေကို KBZPay ကနေ မကြာခင် မိတ်ဆက်ပေးသွားတော့မှာပါ။ ကျွန်တော်တို့ရဲ့ KBZPay နဲ့ မိုဘိုင်းနည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကနေ အသုံးပြုသူတွေဟာ စာရွက်စာတမ်းတွေအသုံးပြုစရာ မလိုတဲ့ ချေးငွေဝန်ဆောင်မှုတစ်ခုကို ရယူနိုင်ပြီဖြစ်တဲ့အပြင် နောက်ပိုင်း ချေးငွေလျှောက်ထားရာမှာ အထောက်အကူဖြစ်မယ့် credit score တစ်ခုကိုလည်း ရရှိထားနိုင်ကြပြီ ဖြစ်ပါတယ်။ ချေးငွေအတည်ပြုပြီးတာနဲ့ ဈေးဝယ်သူတစ်ဦးဟာ ကျွန်တော်တို့ရဲ့ မိတ်ဖက်ဈေးဆိုင်တွေဆီသွားပြီး ကနဦး ချေးငွေပေးဖို့၊ လက်ထဲမှာ ငွေသားဆောင်ထားဖို့ စိတ်ပူစရာ မလိုတော့ဘဲ ချက်ချင်း ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်” လို့ပြောပါတယ်။

KBZPay ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ လစဉ်ဝင်ငွေ အနည်းဆုံး ကျပ် (၁၅၀,၀၀၀) ရှိတဲ့ KBZPay အဆင့် ၂ အသုံးပြုသူတိုင်း လျှောက်ထားနိုင်ပြီး ချေးငွေဝန်ဆောင်မှုကို လာမယ့် လများအတွင်း အခြားဒေသနဲ့ မြို့ကြီးများတွင် မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

-အောင်သူ