
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က University of Texas ရှိ Knight Center for Journalism in the Americas တို့ အတူပူးပေါင်းကာ သတင်းမီဒီယာသမားများ အခမဲ့တက်ရောက်နိုင်မယ့် “ကပ်ရောဂါအချိန်ကာလအတွင်း သတင်းအတတ်ပညာ – ပစ္စုပ္ပန်နှင့် နောင်အနာဂတ်တွင် COVID-19 ကပ်ရောဂါဆိုင်ရာ သတင်းရေးသားတင်ပြခြင်း” (Journalism in a pandemic: Covering COVID-19 now and in the future) ခေါင်းစဉ်နဲ့ အွန်လိုင်းသင်တန်းကို ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။
သင်တန်းကာလ လေးပတ်ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းရည်ရွယ်ချက်မှာ COVID-19 ကျန်းမာရေး ပြဿနာအပြင် ၎င်းနဲ့ဆက်စပ်တဲ့ လူမှုရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး အကျိုးသက်ရောက်မှုတွေကို သတင်းရေးသားတင်ပြရာမှာ သတင်းထောက်များ လိုအပ်တဲ့ ဗဟုသုတနဲ့ နည်းပညာအသိများကို မျှဝေနိုင်ရန် ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကို အင်္ဂလိပ်ဘာသာ၊ စပိန်ဘာသာ၊ ပေါ်တူဂီဘာသာ၊ ပြင်သစ်ဘာသာတို့နဲ့ တစ်ပြိုင်နက်တည်း ပြုလုပ်မှာ ဖြစ်ပါတယ်။
သင်တန်းမှာ လေးပတ်စာဘာသာရပ် လေးခုခွဲထားပြီး၊ အတိတ်ကာလ ဖြစ်ပွားခဲ့သော ကပ်ရောဂါများနှင့် ဆက်စပ်သည့် သမိုင်းကြောင်းများ၊ ၂၀ ရာစုနှစ်တွင် ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များနှင့် အဆိုပါ ကိစ္စရပ်များကို အစိုးရများ မည်ကဲ့သို့ တုံ့ပြန်ဖြေရှင်းခဲ့သည်ကို အဓိကထား ပို့ချမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သော ကပ်ရောဂါအကြောင်းနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရှိအောင် ရှေ့ဆက်ဆောင်ရွက်ရခြင်း၏ အခြေခံအရေးပါပုံများ၊ ကပ်ရောဂါနှင့် ပတ်သက်၍ ပေါ်ပေါက်လာသော လုပ်ကြံသတင်းနှင့် သတင်းအမှားများကို နောက်ယောင်ခံခြင်း၊ တန်ပြန်ခြင်းများ စသည်တို့ကို ဆန်းစစ်လေ့လာစေမှာ ဖြစ်ပါတယ်။ နောက်ဆုံး ဘာသာရပ်တွင် သတင်းရယူခြင်းကို ရှေ့ဆက်ဆောင်ရွက်နိုင်ရန် သတင်းများ၏ ရှုထောင့်ကို သုံးသပ်ခြင်းများ ပြုလုပ်မည် ဖြစ်ပြီး ကပ်ရောဂါဖြစ်ပွားမှုကို သတင်းရယူရာတွင် သတင်းထောက်များ မိမိကိုယ်ကို ဂရုစိုက်ခြင်း၏ အရေးပါပုံကိုလည်း ဆွေးနွေးသွားမယ့်အပြင် ဘာသာရပ် တစ်ခုချင်းစီတွင် သင်ခန်းစာနှင့် လိုက်လျောညီထွေ ဖြစ်စေမယ့် အခန်းဆက်ဗီဒီယိုများ၊ ပါဝါပွိုင့်ဖြင့် တင်ပြခြင်းများ၊ ဖတ်ရှုစရာများ၊ ဉာဏ်စမ်း မေးခွန်းများနှင့် ဆွေးနွေးခြင်း စသည့် သင်ကြားရေးပုံစံများ ပါဝင်ပါတယ်။
အဆိုပါ အခမဲ့အွန်လိုင်းသင်တန်း (MOOC) ကို မေ ၄ ရက်မှာ တရားဝင် စတင် ဖွင့်လှစ်မှာဖြစ်ပြီး https://journalismcourses.org/PAN0320.html မှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။
-သန္တာ
စာဖတ်ပရိတ်သတ်ကြီးထဲမှာ Twitter သုံးတဲ့သူတွေရှိလား? https://twitter.com/internetjournal မှာလည်း အင်တာနက်ဂျာနယ်က တင်ဆက်ပေးနေတဲ့ သတင်းတွေဖတ်လို့ရတယ်နော် . . .