Jack Ma Foundation နှင့် Alibaba Foundation မှ COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုအခြေအနေဖြင့် ရင်ဆိုင်နေရသည့် အရှေ့တောင်အာရှနိုင်ငံများသို့ ဆေးဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့လှူဒါန်းမည်

COVID-19 ဗိုင်းရပ်စ်ပျံနှံ့မှု အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အာရှ ၁၀ နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းတွေကို ထောက်ပံ့လှူဒါန်းသွားမယ်လို့ သိရပါတယ်။

အဆိုပါ ဖောင်ဒေးရှင်းမှ အာဖဂန်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအို၊ မောလ်ဒိုက်၊ မွန်ဂိုးလီးယား၊ မြန်မာ၊ နီပေါလ်၊ ပါကစ္စတန်၊ သီရိလင်္ကာနိုင်ငံများရဲ့ အစိုးရအဖွဲ့အစည်းများသို့ မျက်နှာစည်းပေါင်း ၁.၈ မီလီယံ၊ COVID-19 ကို စစ်ဆေးနိုင်တဲ့ ပစ္စည်းစုစုပေါင်း အရေအတွက် ၂၁၀,၀၀၀ ခု၊ အကာအကွယ်အင်္ကျီအထည်ပေါင်း ၃၆,၀၀၀ ထည်၊ ကိုယ်ပူချိန်တိုင်းကိရိယာများ၊ လေသန့်စင်စက်များနဲ့ အခြားသောကပ်ရောဂါကာကွယ်ရေး ဆက်စပ်ပစ္စည်းမျိုးစုံကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

“လူတိုင်းပူးပေါင်းပြီး ဒီဗိုင်းရပ်စ်ကို တိုက်ထုတ်ကြရမယ်။ နိုင်ငံအနှံ့အပြားသို့ ထောက်ပံ့ရေးပစ္စည်းများ အလျင်အမြန်ပေးပို့ဖို့က မလွယ်ကူပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြီးမြောက်အောင်လုပ်ကြမယ်” လို့ ဂျက်မ (Jack Ma) က ၎င်းရဲ့ Twitter ကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။

“ဒီဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိနဲ့ ပို့ဆောင်ရေးတွေအတွက် အခက်အခဲ အများကြီးဖြစ်စေပါတယ်။ eWTP အီလက်ထရောနစ် ကမ္ဘာ့ကုန်သွယ်မှုပလက်ဖောင်းရဲ့ အကူအညီနဲ့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီး၊ အကူအညီတကယ်လိုအပ်ပြီး ဝေးလံတဲ့နေရာဒေသတွေကို ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းတွေကို အရှိန်မြှင့်တင်ပြီး ဖြန့်ဝေပေးသွားမှာပဲ ဖြစ်ပါတယ်” လို့ eWTP ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ Juntao Song က ပြောကြားခဲ့ပါတယ်။

ဖောင်ဒေးရှင်းမှ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံများသို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းမယ့်အကြောင်းအရာကို ယခုအစောပိုင်းက ကြေညာခဲ့ပြီး eWTP က ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်နဲ့ ပူးပေါင်းကာ သယ်ယူပို့ဆောင်ရေးနဲ့ ဖြန့်ဝေမှုကို အရှိန်မြှင့်တင်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း