IT နည်းပညာ အသုံးပြုခြင်းအား လိုအပ်သလို ထိန်းကျောင်းမည်

မြန်မာနိုင်ငံမှာ IT နည်းပညာ သုံးစွဲခြင်းတွေကို လိုအပ်သလို ထိန်းကျောင်းသွားမယ်လို့ နိုဝင်ဘာ ၈ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကနေ သိရပါတယ်။

ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကို တာဝန်သိတဲ့ တာဝန်ကျေတဲ့ လူမှုကွန်ရက် အသုံးပြုသူတွေ ဖြစ်စေဖို့အတွက် ပညာပေးတာမျိုး လိုအပ်တဲ့ ဥပဒေတွေပြဌာန်းပေးတာမျိုး ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီတွေကို ထိန်းသိမ်းကြပ်မတ်တာမျိုးနဲ့ ဆိုရှယ်မီဒီယာ၊ လူမှုကွန်ရက် ဝန်ဆောင်မှုပေးသူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုကနေ အဆင့်မြင့် နည်းပညာ အသုံးပြုပြီး စောင့်ကြပ်ကြည့်ရှုအရေးယူ ဖော်ထုတ်တာမျိုးတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုက စောင့်ကြပ်ဖော်ထုတ် အရေးယူတာတွေကို ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်သမ္မတရုံး၊ ရှေ့နေချုပ်ရုံးနဲ့ညှိပြီး monitoring လုပ်ဖို့အတွက် ပုဂ္ဂလိကအခွင့်အရေး ကိုကာကွယ်တဲ့ဥပဒေကို မထိခိုက်စေဘဲ အခြေခံဥပဒေပါ အချက်အလက်တွေနဲ့အညီ ပြည်သူတွေရဲ့လွတ်လပ်ခွင့်ကို မထိခိုက်စေဘဲ ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်း တို့ကြောင့် IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့တာဖြစ်ပြီး လွှတ်တော်က သဘောတူခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူအများစုဟာ Facebook, messenger, viber, Twitter အစရှိတဲ့ ဆိုရှယ်မီဒီယာတွေကို အသုံးပြုနေပြီး Facebook ကို အများဆုံးအသုံးပြုလျက်ရှိကြောင်း ၂၀၁၇ ဇန်နဝါရီလအထိ ခန့်မှန်းခြေအရ Facebook အသုံးပြုသူ ၁၄ သန်းခန့်ရှိကြောင်း သိရပါတယ်။

-ထွန်းထွန်း