ISP လုပ်ကိုင်ရန် Red Link ကုမ္ပဏီပြင်ဆင်

10004007_721835751171743_1729793260_n.jpg

လိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာနည်းဥပဒေကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ယခုလ ၁၄ ရက်နေ့၌ ထုတ်ပြန်ပေးခဲ့သည် နောက်ပိုင်း Red Link ကုမ္ပဏီသည် Internet Service Provider (ISP) လုပ်ကိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“လိုင်စင်ရရင် ဒီထက်ကောင်းမွန်တဲ့၊ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ ဝန်ဆောင်မှုတွေ ပေးသွားဖို့ရှိပါတယ်။ နည်းဥပဒေလည်း ထွက်နေပြီဆိုတော့ လိုင်စင်လည်း လျှောက်လို့ရနေပါပြီ။ လျှောက်ဖို့လည်း လုပ်နေပါတယ်”ဟု Red Link ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးမျိုးမြင့်ညွှန့်က ပြောသည်။

Red  Link ကုမ္ပဏီသည် ၂၀၀၈ ခုနှစ်မှစတင်၍ Wimax အင်တာနက် လိုင်းများကို  ရတနာပုံတယ်လီပို့နှင့် ပူးပေါင်း၍ ဝန်ဆောင်မှုပေး အပ်ခဲ့ခြင်းဖြစ်သည်။ Wimax အင်တာနက် လိုင်းအရေအတွက် ၁ သောင်းခွဲခန့်ကို ရောင်းချပြီးဖြစ်သည့် Red Link ကုမ္ပဏီသည် ဆက်သွယ်ရေး နည်းဥပဒေအရ ကိုယ်ပိုင်လိုင်စင် တစ်ခုလျှောက်ထားရန် စတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

လိုင်စင် ထုတ်ပေးခြင်း ဆိုင်ရာနည်းဥဒေ ထွက်ရှိလာခြင်းကြောင့် Red Link ကုမ္ပဏီအပြင် အခြားသော နည်းပညာဆိုင်ရာ ကုမ္ပဏီများသည်လည်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ကိုင်ရန် လိုင်စင် လျှောက်ထားခြင်းအတွက် ပြင်ဆင်နေသည်ဟု သိရသည်။ “နည်းဥပဒေထဲမှာ ပြည်တွင်း၊ ပြည်ပအတွက် ကန့်သတ်ချက်တွေကို အသေးစိတ် လေ့လာရဦးမယ်။ ဘာမှတော့ မပြောလိုသေးဘူး”ဟု ISP လိုင်စင်လျှောက်ထားမည့် အမည်မဖော်လိုသော ကုမ္ပဏီတစ်ခုမှ လက်ထောက် အထွေထွေ မန်နေဂျာက ပြောသည်။

ပြည်တွင်းရှိ ဆက်သွယ်ရေး ကုမ္ပဏီများသည် ယခင်ကသီးခြား ဆက်သွယ်ရေး လိုင်စင်ကို ပိုင်ဆိုင်ခွင့် မရရှိခဲ့သည့်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအပါအဝင် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့နှင့် ပူးပေါင်း၍ အကျိုးတူ လုပ်ကိုင်မှုများကိုသာ လုပ်ကိုင်ခဲ့ရသည်။ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုအနေဖြင့် စိတ်ကြိုက်ဝန်ဆောင်မှု ပေးနိုင်ရန် ဆက်သွယ်ရေး လိုင်စင်သည် အဓိကအရေးပါကြောင်း အထက်ပါ ကုမ္ပဏီများထံမှ သိရသည်။

-မြင့်ကျော်လှိုင်