iPod Touch 5 တွင် Sim Card နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မည့် PayQi Parameter ဈေးကွက်ဝင်

sku_251023_2.jpg

iPod Touch 5 တွင် GSM ဆင်းမ်ကတ်နှစ်ကတ် ထည့်သွင်းအသုံးပြု နိုင်သော PayQi Parameter ကို ပြည်တွင်း ဈေးကွက်တွင် ၀ယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ iPod Touch 5  ကို Jailbreak ပြုလုပ်ရန် မလိုဘဲ USB ချိတ်ဆက်မှုမှ တစ်ဆင့်အသုံးပြု နိုင်မည်ဖြစ်ပြီး ယင်းကဲ့သို့ သုံးနိုင်ရန်အတွက် iPod Touch 5 သည် iOS 7 အမျိုးအစား ဖြစ်ရမည်ဖြစ်သည်။

“သူကို iPod Touch 5 မှာ တပ်လိုက်ရုံနဲ့ GSM ဆင်းမ်ကတ်ထည့်ပြီး ဖုန်းအနေနဲ့ သုံးနိုင်မှာပါ။ ဆင်းမ်ကတ်ပေါက် နှစ်ခုပါတဲ့အတွက် ဆင်းမ်နှစ်ခု တစ်ပြိုင်နက် ထည့်သွင်းအသုံးပြု နိုင်ပါတယ်။ Jailbreak လုပ်စရာမလိုဘဲ သုံးနိုင်ပါတယ်။ တစ်ခုရှိတာက iPod Touch 5 က iOS 7 အမျိုးအစား ဖြစ်မှသာ ချိတ်ဆက် အသုံးပြုနိုင်မှာပါ။ တခြား iOS အမျိုးအစားနဲ့ ဆိုရင်တော့ သုံးလို့ရမှာ မဟုတ်ပါဘူး” ဟု ဘီနိုးဂိမ်းနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းကိရိယာသည် GSM 2G နှင့် 3G ကွန်ရက် စနစ်နှစ်မျိုးကို ထောက်ပံ့ပေးနိုင်ပြီး iPod Touch 5 တွင် PQ Two ဆော့ဖ်ဝဲကို PayQi ၀က်ဘ်ဆိုက်မှ Download ပြုလုပ်ထည့်သွင်းကာ ဆင်းမ်ကတ်ထည့်သွင်း၍ ဖုန်းခေါ်ဆိုခြင်း၊ စာတို မက်ဆေ့ခ်ျပို့ခြင်းနှင့် 2G အင်တာနက်စနစ်များကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် 500 mAh ဘက်ထရီ ပါဝင်ပြီးအားအပြည့် သွင်းထားပါက ဖုန်းခေါ်ဆိုခြင်းကို ၃ နာရီအထက် နှင့် ပုံမှန် Stany-by ကို နာရီ ၆၀ ကြာ အသုံးပြုနိုင်မည် ဖြစ်သည်။ အနီ၊ အနက်၊ ငွေမင် အရောင်သုံး မျိုးရှိပြီး တန်ဖိုး ၇၅,၀၀၀ ကျပ် ၀န်းကျင်ဖြင့် ဘီနိုးဂိမ်းနှင့် ဂိမ်းဆက်စပ်ပစ္စည်း အရောင်းဆိုင် ဖုန်း- ၃၈၉၀၃၁၊ ၂၅၆၄၁၇ တွင် ၀ယ်ယူနိုင်မည် ဖြစ်သည်။

-ရဲထွဋ်ဝင်း