iPhone X ကြိုတင်မှာယူမှုအရေအတွက် သန်း ၅၀ ကျော်ရှိနိုင်ဟု KGI ခန့်မှန်း

Apple iPhone X ကြိုတင်မှာယူမှု အရေအတွက်ဟာ သန်း ၅၀ ကျော်ရှိနိုင်တယ်လို့ KGI လေ့လာဆန်းစစ်သူ Ming-Chi Kuo က ပြောကြားလိုက်ပါတယ်။

iPhone X ဟာ iPhone 6 ကို မိတ်ဆက်ခဲ့တဲ့၂၀၁၄ နောက်ပိုင်း ကြီးကြီးမားမား ပြောင်းလဲဆန်းသစ်ထားတဲ့ ပထမဆုံး မော်ဒယ်ဖြစ်ကြောင်း၊ Apple ပရိသတ်များက လက်ရှိသုံးနေတဲ့ iPhone တွေကို upgrade လုပ်ဖို့ ဆန္ဒရှိနေပြီး Face ID feature ကြောင့် ၉၉၉ ဒေါ်လာတန် iPhone X ကို ပိုမိုစိတ်ဝင်စားနေကြကြောင်း Kuo က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီ feature က iPhone X ထုတ်လုပ်ရေးအတွက် နှောင့်နှေးကြန့်ကြာမှုတစ်ရပ် ဖြစ်စေတယ်လို့ Kuo က ဆိုပါတယ်။

“iPhone X ရဲ့ 3D sensing (TrueDepth ကင်မရာ) မှာ structured-light စနစ်၊ time-of-flight စနစ်နဲ့ front-facing ကင်မရာတို့ ပါဝင်ပါတယ်။ ဒါဟာ ပြိုင်ဘက်တွေထက် ပိုမိုရှုပ်ထွေးတဲ့ ဖွဲ့စည်းတည်ဆောက်ပုံတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း အလုံးအရင်းနဲ့ထုတ်လုပ်ရာမှာ အောင်မြင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်” လို့ Kuo က ပြောကြားခဲ့ပါတယ်။

Apple အနေနဲ့ iPhone X ကို နိုဝင်ဘာအစောပိုင်း ရောင်းချမှုမတိုင်မီ အောက်တိုဘာလကုန်ပိုင်းမှာ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ဖွယ်ရှိပေမယ့် ၂၀၁၈ ပထမနှစ်ဝက်မတိုင်မီအထိ ဝယ်လိုအား ပြည့်မီအောင် ထုတ်လုပ်နိုင်လိမ့်မယ်လို့ မထင်ကြောင်း Kuo က သုံးသပ်ခဲ့ပါတယ်။

iPhone X အတွက် ကြိုတင်မှာယူမှုကို အောက်တိုဘာ ၂၇ ရက်မှာ စတင်လက်ခံမှာဖြစ်ပြီး နိုဝင်ဘာ ၃ ရက်မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ iPhone X မှာ facial recognition camera အပြင် edge-to-edge OLED display, wireless charging နဲ့ dual rear cameras တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena/AppleInsider