iPhone X သရုပ်ပြသစဉ်အတွင်း Face ID အလုပ်မလုပ်ခဲ့သည့် အကြောင်းရင်းကို Apple ရှင်းလင်း

Face ID ကို ပထမဆုံးသရုပ်ပြသစဉ် စီစဉ်ထားသည့်အတိုင်း အလုပ်မဖြစ်ခဲ့ရသည့်အကြောင်းကို Apple က တရားဝင် ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။

Apple ရဲ့အဆိုအရ သရုပ်ပြသမယ့် iPhone X ကို Craig Federighi အတွက် သရုပ်ပြသမယ့်စားပွဲမှာ setup မလုပ်ခင် လူအချို့က ကိုင်တွယ်အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။ Face ID ဟာ အဲ့ဒီ device ကို ကိုင်တွယ်ခဲ့တဲ့ လူတိုင်းရဲ့မျက်နှာကို အတည်ပြုစစ်ဆေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲ့ဒီနောက် အတည်ပြုစစ်ဆေးမှု မအောင်မြင်ခဲ့တဲ့အတွက် passcode ဆီကို ရောက်သွားခဲ့ပါတယ်။ ဒါကြောင့် Federighi က Face ID ကို သရုပ်ပြသတဲ့အခါမှာ iPhone X က passcode mode နဲ့ ဖော်ပြပေးတာဖြစ်တယ်လို့ Apple က ရှင်းပြခဲ့ပါတယ်။

“iPhone X ကို သရုပ်မပြသခင်မှာ လူတွေက ဒီ device ကို ကိုင်တွယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ Face ID က မျက်နှာတွေကို အတည်ပြုစစ်ဆေးဖို့ ကြိုးပမ်းနေတာကို သတိမထားမိခဲ့ကြပါဘူး။ သရုပ်ပြသမယ့် iPhone X ရဲ့ ပိုင်ရှင်က Craig မဟုတ်တဲ့အတွက် အကြိမ်ပေါင်းများစွာ အတည်ပြုစစ်ဆေးမှု မအောင်မြင်တဲ့အခါမှာ passcode ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်” လို့ Apple ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

iPhone X ကို သရုပ်ပြသစဉ်မှာ Federighi က ဖုန်းကို သူ့ရဲ့မျက်နှာနဲ့ unlock လုပ်ဖို့ကြိုးပမ်းခဲ့ရာမှာ မအောင်မြင်ခဲ့တာကြောင့် ဒုတိယမြောက် demo device တစ်ခုကို ပြောင်းလဲအသုံးပြုခဲ့ရပါတယ်။

ဒါဟာ Touch ID နဲ့ဆင်တူပြီး Face ID က face recognition ကနေ အတည်ပြုစစ်ဆေးလို့ မအောင်မြင်တဲ့အခါမျိုးမှာ မျက်နှာကိုနောက်တစ်ကြိမ် မသိရှိမချင်း passcode ကို တောင်းဆိုမှာဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: 9to5mac