iPhone X ပုံစံ notch ပါဝင်တဲ့ Xiaomi Mi MIX 2s က သတင်းအတုသာဖြစ်

iPhone ပုံစံ notch ပါဝင်တဲ့ Mi MIX 2s သတင်းဟာ သတင်းအတုသာဖြစ်တယ်လို့ Android Central က ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့နာရီပိုင်း အနည်းငယ်က Mi MIX 2 နဲ့ အလွန်ဆင်တူတဲ့ ဘောင်ပျောက် Xiaomi စမတ်ဖုန်း ဓာတ်ပုံတစ်ပုံဟာ အင်တာနက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပြီးနောက် လူတွေအကြားမှာ အလျင်အမြန်ပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီဖုန်းရဲ့ဓာတ်ပုံမှာ Apple iPhone X ပုံစံ notch တစ်ခု ပါဝင်လာတာကြောင့် လူတွေက Mi MIX 2 နေရာဆက်ခံမယ့် Mi MIX 2s ဖုန်းအဖြစ် သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ အဲ့ဒီဖုန်းဟာ Mi MIX 2s မဟုတ်ဘဲ Mi MIX 2 မှာ notch ပုံစံ app တစ်ခုကို အသုံးပြုထားခြင်းသာ ဖြစ်တယ်လို့ Android Central က ရှင်းလင်းခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီဓာတ်ပုံတွေမှာ Mi Mix 2 ရဲ့ camera module တည်ရှိတဲ့ အောက်ခြေ bezel ကို ဖုံးကွယ်ထားတယ်လို့လည်း Android Central က ဖော်ပြခဲ့ပါတယ်။

သုံးစွဲသူတွေဟာ သူတို့ရဲ့ဖုန်းကို iPhone X ပုံစံအဖြစ် ပြောင်းလဲဖို့အတွက် MIUI themes store ကနေ theme များစွာရရှိနိုင်တာကြောင့် iOS အခြေခံ theme တွေကို နှစ်သက်သူတွေက Xiaomi ဖုန်းတွေမှာ notch ပုံစံ ထည့်သွင်းပြီး အသုံးပြုနေကြတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၁၆ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Xiaomi Mi MIX ဟာ ဘောင်ပျောက်စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့အတွက် စမတ်ဖုန်းကုမ္ပဏီကြီးတွေကို လှုံ့ဆော်နိုင်ခဲ့ပါတယ်။ Mi MIX 2 ကို ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချခဲ့ပြီး မကြာခင်မှာ ဥရောပဈေးကွက်အတွင်း စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: BGR