iPhone SE 2020

Price : 750,000 Ks (64GB)

အားသာချက်

မြင့်မားကောင်းမွန်တဲ့ ဖုန်းစွမ်းဆောင်ရည်၊ ကျစ်လစ်ပြီး ကိုင်ရတာ လက်ထဲ အံ့ဝင်ခွင်ကျရှိမှုတွေက ကျေနပ်စရာကောင်းလှသလို 12MP ကင်မရာကလည်း 4K ဗီဒီယိုကို 60fps နဲ့ ရိုက်ကူးနိုင်တာ သဘောကျစရာပါ။ IP67 ရေစိုခံစနစ်နဲ့ ကြိုးမဲ့အားသွင်းစနစ်တွေ ထောက်ပံ့ပါဝင်ကလည်း ဒီဖုန်းရဲ့ အားသာချက်တွေလို့ ဆိုရ မှာပါ။

အားနည်းချက်

iPhone မော်ဒယ်အဟောင်းတွေမှာ သုံးခဲ့တဲ့ Retina IPS LCD ကို သုံးထားတာ၊ ဘက်ထရီနဲ့ အချိန်ကြာကြာအသုံးမပြုနိုင်တာနဲ့ ကင်မရာစနစ်မှာ Night mode မပါဝင်တာတွေက ဒီဖုန်းရဲ့အားနည်းချက်ပါ။ နောက်ပြီ နားကြပ်ပေါက်လည်း ပါဝင်ခြင်းမရှိပါဘူး။

စွမ်းဆောင်ရည်

· Apple A13 Bionic (7 nm+) CPU · Apple GPU (4-core)
· 3GB RAM · 64GB; no microSD

အမြန်နှုန်း 2.66 GHz ရှိတဲ့quad-core A13 Bionic CPU ကို သုံးထားပြီး Geekbench Score မှာ Single-core ရမှတ် ၁၃၂၉ နဲ့ Multi-core ရမှတ် ၂၅၅၉ ရှိတာက လက်ရှိဈေးကွက်ထဲက Google Pixel 4 XL (SD855), Samsung Galaxy A71 (SD730), Realme X2 Pro စတဲ့ ဖုန်းတွေထက် မြင့်မားတဲ့ CPU စွမ်းဆောင်ရည်ရမှတ်ဖြစ်ပါတယ်။ RAM 3GB နဲ့ အချက်အလက်သိုလှောင်နိုင်မှု 64GB /128GB/256GB ဆိုပြီး ရှိမှာဖြစ်ပါတယ်။ ဒီဖုန်းမှာ iOS 13 ကို ထည့်သွင်းထားပြီး WiFi 6, Gigabit LTE modem, Bluetooth 5.0 နဲ့ NFC စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ iPhone SE မှာ eSIM စနစ်ထောက်ပံ့ပါဝင်လို့ SIM နှစ်ခုအသုံးပြုချင်သူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

· IP67 dust/water resistant · 4.7 inch Retina IPS LCD display
· Ion-strengthened Glass, oleophobic coating · 16:9 aspect ratio
· Fingerprint (front-mounted) · 148g

ကိုယ်ထည်ဒီဇိုင်းက မော်ဒယ်ဟောင်း iPhone 8 ဒီဇိုင်းကို ပြန်သုံးထားတာပါ။ ကျစ်လစ်မှုရှိပြီး လက်ထဲမှာ ကိုင်ရတာ ကောင်းမွန်တဲ့ ခံစားမှုရှိတဲ့ အရွယ်အစားပါ။ iPhone SE 2020 ရဲ့ ဒီဇိုင်းက ဒီနေ့ခေတ်မြင်နေကျပုံစံတွေလောက် ကြည်ရတာ မလှဘူးလို့ထင်စရာရှိပေမယ့် သူ့ရဲ့ဒီဇိုင်းက အလုံးရေ မီလီယံ ၅၀၀ ကျော် ရောင်းချထားရတဲ့ ယူနစ်ပေါ် အခြေခံဖန်တီးထားတဲ့ ဒီဇိုင်းလို့ဆိုရမှာပါ။ ရှေ့ဘက်မျက်နှာပြင်ပေါ်က Home ခလုတ်ထဲမှာ မြန်ဆန်ကောင်းမွန်တဲ့ Touch ID လက်ဗွေစနစ်ထည့်သွင်းထားပြီး ကျောဘက်မှာ ကင်မရာတစ်လုံးတပ်ဆင်ထားပါတယ်။ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်နဲ့ SIM ကတ်ပေါက်၊ ဘယ်ဘက်ဘောင်ထဲမှာ အသံတိုးကျယ်နဲ့ silent ခလုတ်တွေရှိမှာဖြစ်ပြီး အောက်ဘက်ဘောင်ထဲမှာတော့ အားသွင်းပေါက်ကို စပီကာ နှစ်ခုကြားထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ တစ်မီတာအနက်မှာ မိနစ် ၃၀ ခန့် ရေစိမ်နိုင်မယ့် IP67 နည်းပညာလည်းထောက်ပံ့ပါဝင်ပါတယ်။

မျက်နှာပြင်အရွယ်အစားက ၄.၇ လက်မရှိတဲ့ Retina IPS LCDDisplay မျက်နှာပြင်ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 1334×750 pixel ထိထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၆၅.၄ ရာခိုင်နှုန်းရှိပြီး Aspect ratio အနေနဲ့ 16:9 နဲ့အသုံးပြုနိုင်တာ ဘက်ဂျက်ဖုန်းအတွက် ကျေနပ်စရာကောင်းလှပါတယ်။ LCD panel မှ True Tone tech နည်းပညာထောက်ပံ့ပါဝင်ပြီး ပတ်ဝန်းကျင်အလင်းအမှောင်ပေါ်မူတည်ပြီး ရုပ်ထွက်ကာလာပိုင်းကို သဘာဝကျအောင် ပုံဖော်ပေးမှာဖြစ်ပါတယ်။

ကင်မရာ

· Standard: 12MP, f/1.8 (Wide) · 7MP, f/2.2 (Selfie camera)
· Video : 4K resolution (24/30/60fps) · PDAF, OIS

ကျောဘက်မှာ 12MP ကင်မရာကိုတပ်ဆင်ထားပြီး ကင်မရာစနစ်မှာ PDAF, EIS နဲ့ OIS နည်းပညာတွေထောက်ပံ့ပါဝင်ပါတယ်။ ကင်မရာရဲ့ ညာဘက်ကပ်လျက်မှာ flash မီးတပ်ဆင်ပေးထားပါတယ်။ Wide အမျိုးအစားကင်မရာဖြစ်တဲ့အတွက် Single-lens ကင်မရာစနစ်ထဲမှာ အကောင်းဆုံး ကင်မရာလို့ပြောရမှာဖြစ်ပါတယ်။ ရှေ့ဘက်ကင်မရာကတော့ 7MP အမျိုးအစားဖြစ်ပြီး AR စနစ်တွေနဲ့ Portrait mode, Portrait Lighting စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ ကင်မရာစနစ်မှာ Smart HDR စနစ်၊ AI စနစ်ရုပ်ရှင်ဆန်ဆန်ရိုက်ကူးမှုစနစ်တွေပါဝင်ပြီး 4K အရည်အသွေးဗီဒီယိုကို 60fps နဲ့ အမြင့်ဆုံးရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘက်ထရီ

· Li-Ion 1821 mAh · 18W Fast Charging
· Qi wireless charging

Li-Ion 1821mAh ဘက်ထရီက ပုံမှန်ဖုန်းသုံးပြုတာမျိုးအတွက် ၇ နာရီဝန်းကျင်လောက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါက တစ်နေ့တာလုံးအတွက် လုံလောက်မှုရှိတဲ့ ကြာချိန်တော့မဟုတ်ပါဘူး။ မိမိအနေနဲ့ အွန်လိုင်းဂိမ်းဆော့တာ ဗီဒီယိုကြည့်တာတွေပါ သုံးမယ်ဆိုရင်တော့ အနည်းဆုံးတစ်ရက်မှာ အားတစ်ကြိမ်လောက်တော့ သွင်းပေးရမှာဖြစ်ပါတယ်။ 2.0 USB Type-C အားသွင်းအမျိုးအစားသုံးထားပြီး 18W Fast Charging နည်းပညာထောက်ပံ့ပါဝင်တဲ့အတွက် မိနစ် ၃၀ လောက်နဲ့ ဖုန်းကို ၅၀ ရာခိုင်နှုန်းလောက် အားသွင်းနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး Qi wireless charging နည်းပညာထောက်ပံ့ပါဝင်တာက သဘောကျစရာပါ။

သုံးသပ်ချက်

iPhone SE 2020 က ထွက်ခဲ့သမျှ Apple ဖုန်းတွေထဲမှာ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ Apple ရဲ့ နောက်ဆုံးထွက် CPU ကို အသုံးပြုထားပြီး ကောင်းမွန်တဲ့ ကင်မရာစွမ်းဆောင်ရည်၊ မြန်ဆန်တဲ့ ဖုန်းစွမ်းဆောင်ရည်တွေနဲ့ အခြား လိုအပ်တဲ့ နည်းပညာတွေ အထောက်အပံ့တွေ စုံလင်စွာပါဝင်တဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ ဒီဇိုင်းပိုင်း ခေတ်အနည်းငယ် နောက်ကျတဲ့ ပုံစံရှိတာနဲ့ display က မော်ဒယ်ဟောင်း iPhone တွေမှာတွေ့ရတဲ့ အမျိုးအစားဖြစ်တာအပြင် ဘက်ထရီနဲ့အသုံးပြုနိုင်မှုက Mid-range ဖုန်းတစ်လုံးမှာ သုံးနိုင်တဲ့ ပျှမ်းမျှလောက်ပဲအသုံးပြုနိုင်တာကလွဲရင် iPhone SE 2020 က အသစ်ထွက်ခဲ့သမျှ iPhone မော်ဒယ်တွေထဲမှာ ဈေးအသက်သာဆုံးနဲ့ Apple ရဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ထိတွေ့အသုံးပြုနိုင်မယ့် ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

Display 
Performance 
Camera 
Battery 
Hand On 
Over All 

-ရဲထွဋ်ဝင်း