iPhone SE ကိုအလဲထိုးလိုက်တဲ့ OnePlus Nord

OnePlus Nord ကိုမိတ်ဆက်အပြီး ရိုက်ခတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ OnePlus က Nord ကိုဈေးသက်သက်သာသာနဲ့ ရောင်းချမှာ ဖြစ်သလို စွမ်းဆောင်ရည်ကလည်း ကောင်းမွန်နေပါတယ်။ OnePlus Nord က iPhone SE နဲ့လည်းဆင်ပါတယ်။

ဒါပေမဲ့ OnePlus နဲ့ Apple လမ်းကြောင်းကတော့ မတူညီပါဘူး။

iPhone SE ကတော့ ဒေါ်လာ ၃၉၉ ရှိပြီး မြန်ဆန်တဲ့ A13 Bionic ပရိုဆက်ဆာပါဝင်ပါတယ်။ မျက်နှာပြင်အရွယ်အစား၊ ဒီဇိုင်းပိုင်၊ ကင်မရာအရေအတွက်နဲ့ 5G ထောက်ပံ့မှုပိုင်းတွေမှာ သာလွန်တဲ့ OnePlus Nord ကတော့ ဒေါ်လာ ၅၀၀ပဲရှိပါတယ်။

မျက်နှာပြင်ကြီးမားခြင်း

iPhone SE မျက်နှာပြင်အရွယ်အစားက ၄.၇လက်မပဲရှိပေမယ့် သဘောကျတဲ့ ပရိသတ်တွေရှိပါတယ်။ OnePlus Nord ရဲ့ ၆.၄ လက်မအရွယ် OLEDD ကတော့ အရောင်ပိုတောက်ပြီး ကြီးမားပါတယ်။ OLED ကတော့ အရောင်ကြွယ်ဝမှုအပိုင်းမှာ LCD ထက်သာလွန်ပါတယ်။ Nord မှာတော့ 90Hz refresh rate ပါဝင်ပေမယ့် iPhone SE မှာတော့ 60Hz ပဲပါဝင်လာပါတယ်။ မျက်နှာပြင်အရည်အသွေးကတော့ OnePlus Nord က 2400x 1080 pixels ဖြစ်ပြီး iPhone SE ကတော့ 1334x 750 ပဲရှိပါတယ်။

ဒီဇိုင်းသစ်

iPhone SE ရဲ့ဒီဇိုင်းကတော့ ရေစိုခံသလို အဆင့်မြင့်မှန်ထည်ကိုလည်း ကျောဘက်မှာသုံးထားပါတယ်။ OnePlus Nord ကတော့ ပိုမိုခေတ်မီပြီး ဘေးဘောင်ကသေးငယ်ပါတယ်။

iPhone SE ဘေးဘောင်ကတော့ ကြီးမားပြီး အောက်ခြေမှာ Apple ရဲ့ Touch ID sensor ပါဝင်လာပါတယ်။ OnePlus Nord မှာတော့ display ထဲ fingerprint sensor ပါဝင်ပါတယ်။

ကင်မရာစုံလင်ခြင်း

iPhone SE မှာတော့ ကျောဘက်ကင်မရာတစ်လုံးပဲ ပါဝင်တယ်။ ကင်မရာပိုင်းအတွက် Apple ရဲ့ A13 Bionic chip ထောက်ပံ့ထားပါတယ်။ ဒါကြောင့် Portrait Mode နဲ့ Smart HDR ရိုက်ကူးနိုင်ပါတယ်။

OnePlus Nord မှာတော့ ကျောဘက်ကင်မရာ ၄လုံးပါဝင်လာပါတယ်။ အဲဒီကင်မရာတွေက 48MP wide ကင်မရာ၊ 8MP ultra-wide lens, 5MP depth sensor နဲ့ 2MP macro lens တို့ပါဝင်လာပါတယ်။ ဒါ့အပြင် ညအခါ ဓာတ်ပုံရိုက်ကူးနိုင်ဖို့ Nightscape mode လည်းပါဝင်လာပါတယ်။ iPhone SE အတွက် Night mode မပါဝင်ပါဘူး။

OnePlus Nord မှာရှေ့ကင်မရာ 32MP နဲ့အတူ ၁၀၅ ဒီဂရီ field of view ပါလာတဲ့အတွက် ကျယ်ပြန့်ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ iPhone SE မှာတော့ 7MP selfie ကင်မရာပဲ ပါဝင်လာပါတယ်။

5G ပါဝင်လာခြင်း

5G သုံးစွဲမှုက တစ်ကမ္ဘာလုံးအထိ မကျယ်ပြန့်သေးပါဘူး။ ဒါပေမဲ့ဈေးသက်သာတဲ့ဖုန်း ဝယ်ယူပေမယ့်လည်း အနာဂတ်အတွက်ပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ လာမယ့် ၂ နှစ်အတွင်း 5G အသုံးပြုမှုက ပိုမိုကျယ်ပြန့်လာနိုင်ပါတယ်။

OnePlus Nord မှာ 5G ချိတ်ဆက်မှုအတွက် Snapdragon 765 chipset ကိုအသုံးပြုထားပါတယ်။

ဘက်ထရီကြီးမားပြီး အားသွင်းမြန်ဆန်ခြင်း

Apple ရဲ့ iPhone SE မှာတော့ ဘက်ထရီ 1,821mAh ပါဝင်လာပါတယ်။ ဘက်ထရီကို ၉ နာရီနဲ့ ၁၈ မိနစ်ပဲ အသုံးပြုနိုင်ပါတယ်။

OnePlus Nord ကတော့ ဘက်ထရီကြီးမားပြီး 4,115mAh ဖြစ်ပါတယ်။ အားသွင်းမြန်ဆန်ပြီး 30W နဲ့အားသွင်းပေးနိုင်တယ်။ iPhone SE ကတော့ 18W ပဲအားသွင်းပေးနိုင်ပါတယ်။

-စိုးထက်
Ref: TomsGuide