iPhone Apps တွေရဲ့ တည်နေရာထောက်လှမ်းမှုကို ဘယ်လို ရပ်တန့်မလဲ

GPS sensor က စမတ်ဖုန်းတွေရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။ ဒီ sensor က မြေပုံစနစ်နဲ့ လမ်းကြောင်းပြစနစ်တွေကို ဖုန်းမှာ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ပေးတာရဲ့ အားနည်းချက်တစ်ခုက ဒီလုပ်ဆောင်ချက်ပေါ် မူတည်ပြီး ဖန်တီးထားတဲ့ App တွေက ဖုန်းရဲ့ တည်နေရာကို App တွေသုံးနေတဲ့အခါမှာရော မသုံးတဲ့အခါမှာပါ စတင်ထောက်လှမ်းတာ ဖြစ်ပါတယ်။

အဲဒီအတွက်လည်း Apple က iOS မှာ ဒီလိုမျိုး ထောက်လှမ်းနေမှုကို သုံးစွဲသူကိုယ်တိုင် ထိန်းချုပ် လုပ်ဆောင်နိုင်မယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်က မိမိအနေနဲ့ App တွေက မိမိ ဖုန်းရဲ့ တည်နေရာကို ထောက်လှမ်းနေမှုကို ကန့်သတ်ထားနိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး မိမိဖုန်းရဲ့ Settings ကို ဖွင့်လိုက်ပါ။

ပြီးရင်တော့ Privacy စနစ်ထဲကို ဝင်လိုက်ပါ။

Privacy စနစ်ထဲကိုရောက်ရင်တော့ Location Services ထဲကို ဝင်လိုက်ပါ။

Location Services ဘေးနားက စိမ်းနေတဲ့ခလုတ်လေးကို ပိတ်ထားပြီး မိမိဖုန်းရဲ့ တည်နေရာကို app တွေက ထောက်လှမ်းမှုကို ရပ်တန့်နိုင်ပါတယ်။

ဒီလိုရပ်တန့်ထားတာက ဖုန်း ရဲ့ GPS စနစ်ကို လုံးဝပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ မိမိအနေနဲ့ App တစ်ခုချင်းစီအတွက် သီးသန့်အနေနဲ့ ကန့်သတ်ထားနိုင်ပါ တယ်။ Location Services စနစ်ထဲက ဖုန်းရဲ့ GPS ကို အသုံးပြုတဲ့ App တွေထဲက တစ်ခုကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အဲဒီ App ရဲ့ Location Services စနစ်ကို ရောက်သွားပါလိမ့်မယ်။ အဲဒီမှာ Never နဲ့ While Using the App ဆိုတာ နှစ်ခုရှိပါတယ်။

မိမိအနေနဲ့ While Using the App ကို ရွေးချယ်ပေးထားမယ်ဆိုရင်တော့ ဖုန်းကနေ App ကို အသုံးမပြုတော့တဲ့ အခါမျိုးမှာ GPS စနစ်ကို ပိတ်ထားပေးမှာဖြစ်ပါတယ်။ အဲလိုပိတ်ထားပေးတဲ့အတွက် မိမိအနေနဲ့ ဖုန်းရဲ့တည်နေရာကို App တွေက ထောက်လှမ်းနေမှုကို ရပ်တန့်ထားနိုင်မှာဖြစ်ပါတယ်။

– ရဲထွဋ်ဝင်း