iPhone, Android ဖုန်းနဲ့ iPad တို့ရဲ့ Gmail app က Google meet ကို ဘယ်လိုပိတ်ထားမလဲ

Google က iPhone, Android ဖုန်းနဲ့ iPad တို့ရဲ့ Gmail စနစ်ထဲမှာ Google Meet ကို အလွယ်တကူ ပိတ်/ဖွင့် လုပ်နိုင်မယ့် ခလုတ်ကို ထည့်သွင်းထားပါတယ်။ အခုလို Google အနေနဲ့ Meet ကို ထည့်သွင်းပေးလိုက်တာက ကွန်ပျူတာကနေ အီးမေးလ်အသုံးပြုတဲ့သူအတွက် ကြည့်ရတာ အဆင်ပြေနိုင်ပေမယ့် ဖုန်းကနေ သုံးတဲ့သူ အတွက်ကတော့ မေးလ်အသုံးပြုရတာ မြင်ကွင်း သိပ်မရှင်းလင်းသလို ခံစားရနိုင်ပါတယ်။ မိမိအနေနဲ့ မိမိဖုန်းရဲ့ Gmail app ကို နဂိုရှင်းလင်းတဲ့ပုံစံနဲ့ အသုံးပြုချင်တယ် ဆိုရင်တော့ Meet ကို ပိတ်ထားနိုင်ပြီး အဲဒီလို ပိတ်ထားလိုက်ရင်တော့ Toolbar မှာ meet နဲ့ mail စတဲ့ icon တွေကို ဝှက်ထားပေးလိုက်မှာ ဖြစ်တဲ့အတွက် ဖန်သားမျက်နှာပြင်ကို နေရာလွတ်ကျယ်ကျယ်နဲ့ ကြည့်ရှုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီလို Gmail app ထဲက meet စနစ်ကို ပိတ်ထားဖို့အတွက် အရင်ဆုံး မိမိဖုန်းထဲက Gmail app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ မျည်းတိုသုံးချောင်း ဆင့်ထားတဲ့ menu icon ကို တစ်ချက်နှိပ်လိုက်ပါ။

Menu ဘောက်ပေါ်လာရင်တော့ အောက်ဘက်ကို ပွတ်ဆွဲသွားလိုက်ပြီး Settings ဆိုတဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ။

Settings စနစ်ထဲကို ရောက်သွားရင်တော့ အောက်မှာ ပြထားတဲ့ပုံအတိုင်း မိမိရဲ့ Gmail အကောင့်စနစ်ထဲကို ဝင်ဖို့အတွက် မိမိနာမည်နေရာက မြားလေးကို တစ်ချက်နှိပ်လိုက်ပါ။

မိမိရဲ့ အကောင့်စနစ်ထဲကို ရောက်သွားရင်တော့ General အောက်က Meet ဆိုတဲ့စာသားနဲ့ တွဲလျက် ထည့်သွင်းပေးထားတဲ့ အပြာရောင်ခလုတ်လေးကို တစ်ချက်နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ဖုန်းရဲ့ Gmail app ထဲမှာ Google meet စနစ်ကို ပိတ်ထားပေးမှာပဲ ဖြစ်ပါတယ်။ ဖုန်းမှာ မိမိအနေနဲ့ Meet ကို Gmail app ထဲကနေ မသုံးဘဲ သီးသန့်အနေနဲ့ အသုံးပြုချင်ရင်တော့ Google Meet app ကို သီးသန့် ထည့်သွင်းထားပြီး အသုံးပြုတာ ပိုမို အဆင်ပြေကောင်းမွန်မှုရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း