iPhone 8 အတွက် OLED panel သန်း ၁၆၀ Samsung ထောက်ပံ့မည်ဟုဆို

iPhone 8 မှာအသုံးပြုမယ့် OLED panel သန်း ၁၆၀ အတွက် Apple နဲ့ Samsung တို့ သဘောတူညီမှု ရရှိခဲ့တဲ့ အကြောင်း တောင်ကိုရီးယား နေ့စဉ်ထုတ် သတင်းစာ Korea Herald က ဖော်ပြလိုက်ပါတယ်။

နည်းပညာ ကုမ္ပဏီကြီးနှစ်ခုဟာ အရင်က OLED panel သန်း ၁၀၀ အတွက် သဘောတူညီမှု ရရှိထားပေမယ့် screen သန်း ၆၀ ထပ်တိုးဖို့အတွက် Apple က သဘောတူညီချက် ထပ်မံရယူခဲ့တာ ဖြစ်တယ်လို့ ကိုရီးယား သတင်းစာက ရေးသားခဲ့ပါတယ်။

ကောလာဟလ သတင်းတွေအရ iPhone 8 ကို မတူညီတဲ့ အရွယ်အစား သုံးမျိုးနဲ့ရရှိနိုင်ပြီး premium version မှာပဲ OLED screen ပါဝင်မယ်လို့ သိရပါတယ်။

Samsung ဟာ နာမည်ကျော် S series အပါအဝင် ကုမ္ပဏီရဲ့ စမတ်ဖုန်းမော်ဒယ် ၇၀ ရာခိုင်နှုန်းနီးပါးမှာ OLED ကို အသုံးပြုထားပါတယ်။ Apple ကတော့ iPhone အတွက် LG Display, Sharp နဲ့ Japan Display ဆီက liquid-crystal display တွေကို အသုံးပြုပါတယ်။

လက်ရှိမှာ Samsung က OLED screen ဈေးကွက်ကို ချုပ်ကိုင်ထားပြီး ဈေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပါတယ်။

Ref: TheNextWeb