iPhone 8 တွင် Touch ID အစား function area သစ် ပါဝင်လာမည်ဟုဆို

အသစ်ထွက်မယ့် Apple iPhone 8 ရဲ့ display အောက်ဘက်မှာ “function area” သစ်တစ်ခု ပါဝင်လာမယ်လို့ Apple လေ့လာဆန်းစစ်သူ Ming-Chi Kuo က ပြောကြားလိုက်ပါတယ်။ အဲ့ဒီ feature ဟာ iPhone 8 ရဲ့ ဘောင်ပျောက်လုနီးပါး ဒီဇိုင်းကြောင့် ဖြစ်နိုင်ခြေရှိပြီး screen အရွယ်အစားကို ၅.၈ လက်မအထိ ဖြစ်လာစေမယ်လို့ ဆိုပါတယ်။

Function area ဟာ လက်ရှိ Home ခလုတ်ရှိတဲ့နေရာမှာ ပါဝင်လာမှာ ဖြစ်တဲ့အတွက် Touch ID နေရာကို အစားထိုးသွားဖွယ် ရှိပါတယ်။ ဒါပေမဲ့ Apple က Touch ID လိုမျိုး လုပ်ဆောင်နိုင်မယ့် biometric နည်းပညာသစ်တွေ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ Kuo က မှတ်ချက်ပြုခဲ့ပါတယ်။ ကောလာဟလ သတင်းတွေမှာ ဖော်ပြထားတဲ့ facial recognition လိုမျိုး feature တွေကိုတော့ Kuo က ပြောကြားခဲ့ခြင်း မရှိပါဘူး။

Kuo ရဲ့ နောက်ဆုံးပေါ် အစီရင်ခံစာမှာ iPhone 8 ရဲ့ အရွယ်အစားတွေကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။ Function area သစ်မှာ virutal ခလုတ်တွေနဲ့ အခြားလုပ်ဆောင်ချက်တွေ ပါဝင်လာမှာ ဖြစ်တဲ့အတွက် အသုံးပြုနိုင်မယ့် display အကျယ်အဝန်းက ၅.၁၅ လက်မ နီးပါး ရှိလာပြီး ထုတ်ကုန်ရဲ့ စုစုပေါင်းမျက်နှာပြင်အကျယ်အဝန်းက ၅.၈ လက်မ ဖြစ်လိမ့်မယ်လို့ Kuo က ဆိုပါတယ်။

Function area မှာ ပါဝင်မယ့် အရာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ virtual ခလုတ်တွေနဲ့ quick action အချို့ပါဝင်လာဖွယ်ရှိသလို MacBook Pro မှာပါဝင်တဲ့ Touch Bar လိုမျိုး လုပ်ဆောင် ချက်တွေလည်း ပြုလုပ်နိုင် လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

၅.၈ လက်မ OLED iPhone 8 မှာ အရွယ်ကြီးမားတဲ့ ဘက်ထရီ တစ်ခုပါဝင်ပြီး အဲ့ဒီမော်ဒယ်ရဲ့အရွယ်အစားက လက်ရှိ ၄.၇ လက်မမော်ဒယ်ရဲ့ အရွယ်အစားနဲ့ တူညီလိမ့်မယ်လို့လည်း Kuo က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

Ref: 9to5mac