
ဈေးနှုန်း – ၁,၉၄၀,၀၀၀ ကျပ် (DualSIM, 128GB)
အားသာချက်
ပါးလွှာပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပရီမီယံဒီဇိုင်း၊ တောက်ပပြီး ရုပ်ထွက်ကာလာပိုင်းမြင့်မားကောင်းမွန်တဲ့ OLED Display နဲ့ အသံအရည်အသွေးကောင်းမွန်တဲ့ စပီကာစနစ်၊ မြန်ဆန်တဲ့ processor ၊ အချိန်ကြာကြာသုံးနိုင်တဲ့ ဘက်ထရီနဲ့ နေ့ည ရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ကင်မရာစနစ်၊ LiDAR scanner နဲ့ MagSafe ကြိုးမဲ့အားသွင်းနည်းပညာတွေ ထောက်ပံ့ပါဝင်လာတာက ဒီဖုန်းရဲ့ အားသာချက်ပါ။
အားနည်းချက်
Screen refresh rate က 60Hz ပဲထောက်ပံ့ပေးနိုင်တာ၊ မျက်နှာမှာ ကျန်းမာရေးနှာခေါင်းစည်းတပ်ထားတဲ့အခါမျိုးမှာ Face ID က ကောင်းကောင်း မလုပ်ဆောင်နိုင်တာ၊ လက်ဗွေလုံခြုံရေးစနစ် မပါဝင်တာနဲ့ အားသွင်းခေါင်းနဲ့ နားကြပ်တွေ မပါဝင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။
စွမ်းဆောင်ရည်
|
|
|
|
|
|
Apple iPhone 12 စီးရီးမှာ Apple A14 Bionic chip ကို သုံးထားပြီး 5nm အရွယ်အစား ဒီ SoC က Six-core processor ဖြစ်ပြီး Qualcomm’s X55 5G မိုဒမ်နဲ့ တွဲဖက်အသုံးပြုထားတာ ဖြစ်လို့ 5G ကွန်ရက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Apple 4-core GPU စနစ်ကို သုံးထားပြီး အရင်နှစ်က iPhone တွေက စွမ်းဆောင်ရည်ပိုင်း ပိုမိုမြင့်မားလာပါတယ်။ RAM 6GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပြီး 16 core NPU လိုခေါ်တဲ့နည်းပညာသစ်က AI စွမ်းဆောင်ရည်ကို ၇၀ ရာခိုင်နှုန်း ပိုမို မြင့်မားအောင် လုပ်ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ A14 Bionic chip ရဲ့ အဓိက လုပ်ဆောင်ချက်က ကင်မရာအရည်အသွေးပိုင်း လုပ်ဆောင်ချက်တွေဖြစ်တဲ့ Smart HDR 3, Deep Fusion Night mode, Dolby Vision recording တွေကို အကောင်းဆုံး အသုံးပြုနိုင်စေသလို ဒီ processor က iPhone 11 တုန်းကသုံးခဲ့တဲ့ A13 chip ထက် ၂၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်မှုလည်း ရှိပါတယ်။ နောက်တစ်ခုက LiDAR scanner နည်းပညာဖြစ်ပြီး ဒီနည်းပညာက အကွာအဝေးတွေကို တိုင်းတာပေးနိုင်သလို တိကျကောင်းမွန်တဲ့ AR 3D ပုံစံအရာဝတ္ထုတွေကို ဖန်တီးပုံဖော်နိုင်မှာလည်း ဖြစ်ပါတယ်။ GeekBench 5 ရဲ့ multi-core ရမှတ် ၄၂၄၀ ရှိပြီး AnTuTu 8 ရမှတ် ၆၃၈၅၈၄ ရှိပြီး iPhone စီးရီးထဲမှာ အမြန်နှုန်း အမြင့်မားဆုံးဖုန်းလို့ ဆိုရမှာပါ။ iPhone 12 Pro Max က ဂိမ်းကစားဖို့အတွက် iPhone 12 နဲ့ 12 min ထက်ပိုကောင်းမွန်သလို တည်ငြိမ်တဲ့စွမ်းဆောင်ရည်နဲ့ ကိုယ်ထည်ပူနွေးမှုပိုင်း သိပ်မရှိတဲ့ ဖုန်းဖြစ်ပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
|
|
|
|
|
|
iPhone 12 Pro Max က iPhone စီးရီးရဲ့ အကြီးမားဆုံးမျက်နှာပြင်အရွယ်အစားနဲ့ ထုတ်ထားပေမယ့် ပရီမီယံ ကိုယ်ထည်ဒီဇိုင်းက ထူထည်မှုမရှိတဲ့တာ သဘောကျစရာပါ။ ၇ မီလီမီတာ Ultra-sleek ကိုယ်ထည်က ပါးလွှာသလို ၂၂၈ ဂရမ်အလေးချိန်က မျက်နှာပြင်ကြီးတဲ့ ဖုန်းအတွက် ပေါ့ပါးမှုရှိတယ်လို့ ဆိုရမှာပါ။ ဖုန်းပတ်လည်ဘောင်က စတီးဘောင်အမျိုးအစား ဖြစ်သလို အနည်းငယ် ချောမွေ့မှုရှိတာက မျက်နှာပြင်အရွယ်အစားကြီးမားတဲ့ ဖုန်းအတွက် မတော်တဆ ဖုန်း လက်ထဲက လွတ်ကျနိုင်တာမျိုး ရှိနိုင်တယ်လို့ ဆိုရမှာပါ။ iPhone 5 ရဲ့ ဒီဇိုင်းလိုမျိုး ကျစ်လျစ်ပြီး အကြမ်းခံတဲ့ ကိုယ်ထည်က ရေအောက် ၆ မီတာ အထိ ရေစိမ်ခံနိုင်သလို ရှေ့နောက် မျက်နှာပြင်တွေကို အပွန်းအစင်းခံနိုင်တဲ့ ဖန်သားနဲ့ ဖုံးအုပ်ပေးထားပါသေးတယ်။ ရှေ့ဘက်မျက်နှာပြင်ကတော့ notch ပါဝင်တဲ့ မျက်နှာပြင်ပုံစံ ဖြစ်ပြီး ကျောဘက်ကင်မရာသုံးလုံးကို iPhone 11 Pro Max ပုံစံလေးထောင့်ကွက်ထဲ ထည့်သွင်းထားပါတယ်။ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်၊ ဘယ်ဘက်ဘောင်ထဲမှာ အသံတိုးကျယ်ခလုတ်၊ silent ခလုတ်နဲ့ SIM ကတ်ပေါက် ထည့်သွင်းထားပြီး အောက်ဘက်ဘောင်ထဲမှာ အားသွင်းပေါက်နဲ့ စပီကာတွေ တပ်ဆင်ထားပါတယ်။ လုံခြုံရေးစနစ် Face ID ကတော့ ရှေ့ဘက် notch ထဲမှာ ထည့်သွင်းပေးထားပြီး ဒီဖုန်းမှာ fingerprint လက်ဗွေစနစ်တော့ မပါဝင်ပါဘူး။
ဒီဖုန်းရဲ့ ၆.၇ လက်မ ရှိတဲ့ Super Retina XDR OLED Display က ရုပ်ထွက်အရည်အသွေး 1284×2778 pixel အထိ ထောက်ပံ့ပေးနိုင်သလို HDR10 နဲ့ Dolby Vision နည်းပညာတွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၇.၄ ရာခိုင်နှုန်း ရှိပါတယ်။ Screen ရဲ့ pixel densiy က 458 ppi ရှိပြီး Screen က တောက်ပမှုရှိသလို ကာလာပိုင်းစိုပြည်မှုရှိတာ နှစ်သက်စရာပါ။ Display က 60Hz refresh rate အထိ ထောက်ပံ့ပေးနိုင်တဲ့ Display အမျိုးအစားဖြစ်ပြီး 5G ဖုန်းတစ်လုံးအတွက် screen refresh rate က ဒီထက်ပိုမြင့်မားသင့်တယ်လို့ မြင်ပါတယ်။
ကင်မရာ
|
|
|
|
|
|
|
|
iPhone 12 စီးရီးမှာ Apple က ဟာ့ဒ်ဝဲပိုင်းအဆင့်မြင့်ထားတဲ့ ကင်မရာစနစ်ကို ထည့်သွင်းပေးထားသလို iPhone 12 Pro Max ရဲ့ ကင်မရာစနစ်ကိုလည်း အထူးသီးသန့်အနေနဲ့ ဖန်တီးပေးထားတယ်လို့ ဆိုရမှာပါ။ ကျောဘက်မှာ iPhone 12 နဲ့ 12 Pro တို့လိုပဲ 12MP ကင်မရာသုံးလုံးကို ထည့်သွင်းထားပေမယ့် LiDAR scanner assists AF ဆိုတဲ့ ဟာ့ဒ်ဝဲနည်းပညာကို ဒီဖုန်းမှာ မတူကွဲပြားစွာ ပေါင်းစပ်ထည့်သွင်းပေးထားပါသေးတယ်။ ဒီနည်းပညာက သဘာဝကျတဲ့ နောက်ခံဝါးဝါး Portrait ပုံတွကို ရိုက်ကူးနိုင်အောင် အဓိက လုပ်ဆောင်ပေးပါတယ်။ အဓိက ကင်မရာမှာ အသစ်ပါဝင်လာတဲ့ ဒီဂျစ်တယ်ကင်မရာတွေမှာ သုံးလေ့ရှိတဲ့ IBIS လို့ခေါ်တဲ့ in-body statilization စနစ်က တစ်စက္ကန့်အတွင်းမှာ iPhone 12 Pro Max ကို အကြိမ်ပေါင်း ၅၀၀၀ တုန်ခါလှုပ်ရှားမှု ပြုလုပ်နိုင်အောင် ထောက်ပံ့ပေးနိုင်တဲ့အတွက် ပုံရိပ်တွေကို တုန်ခါမှုမရှိ၊ ဝေဝါးမှုမရှိဘဲ လျှပ်တစ်ပြတ်ရိုက်ကူးနိုင်စေမှာဖြစ်သလို ရုပ်ထွက်အရည်အသွေးပိုင်းကလည်း ကောင်းမွန်မှုရှိပါတယ်။ Ultrawide ကင်မရာနဲ့လည်း Night Mode အသုံးပြုရိုက်ကူးနိုင်မှာ ဖြစ်ပြီး telephoto ကင်မရာနဲ့ 2.5x optical zoom ရုပ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပေမယ့် ဒီကင်မရာအတွက် night mode ထောက်ပံ့ပေးထားခြင်း မရှိပါဘူး။ Portrait night mode ကို အဓိက ကင်မရာနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ဒီလိုရိုက်ကူးတဲ့အခါမှာ LiDAR Scanner က အလင်းအားနည်းတဲ့ အခြေအနေပေါ်မူတည်ကာ ပုံရိပ်ကို အကောင်းဆုံးနဲ့ အမြန်ဆုံး ဖမ်းယူရိုက်ကူးပေးတာ ကျေနပ်စရာပါ။
ရှေ့ဘက် 12MP selfie ကင်မရာက aperture f/2.2 ရှိတဲ့ wide အမျိုးအစား ဖြစ်ပြီး Focus အသေနဲ့သာ ရိုက်ကူးနိုင်ပေမယ့် Face ID ကင်မရာက ရှေ့ကင်မရာနဲ့ Portrait ပုံတွေရိုက်ကူးမှုကို ထောက်ပံ့လုပ်ဆောင်ပေးအောင် ဖန်တီးပေးထားပါတယ်။ ရှေ့ဘက်ကင်မရာရဲ့ ရုပ်ထွက်ပိုင်းကလည်း စိတ်ကျေနပ်စရာ selfie ပုံတွေ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရှေ့နောက်ကင်မရာစနစ်တွေနဲ့ 4K အရည်အသွေး ဗီဒီယိုကို 60fps ရိုက်ကူးနိုင်မှာ ဖြစ်ပြီး ဗီဒီယိုစနစ်အတွက်လည်း EIS + ISIS/OIS နည်းပညာတွေ ထောက်ပံ့ပါဝင်သလို Dolby Vision HDR နည်းပညာလည်း ထောက်ပံ့ပါဝင်ပါသေးတယ်။
ဘက်ထရီ
|
|
|
|
Apple iPhone 12 Pro Max မှာ 3678mAh ဘက်ထရီကို ထည့်သွင်းထားပြီး ဘက်ထရီစနစ်မှာ ကြိုးနဲ့အားသွင်းတာဖြစ်စေ ကြိုးမဲ့စနစ်နဲ့ အားသွင်းတာဖြစ်စေ နှစ်မျိုးစလုံးအတွက် အားသွင်းမြန်ဆန်တဲ့နည်းပညာ ထောက်ပံ့ပါဝင်ပါတယ်။ ဒါပေမဲ့ အားသွင်းခေါင်းတော့ ပါဝင်မှာ မဟုတ်ပါဘူး။ အွန်လိုင်းသုံးတာကို ၁၄ နာရီကြာ၊ ဗီဒီယို အဆက်မပြတ်ဖွင့်ထားတာကို ၁၅ နာရီကြာ သုံးနိုင်ပြီး ပုံမှန်ဖုန်းပြောတာဆိုရင်တော့ ၂၁ နာရီကြာ သုံးနိုင်တာ မြင်ကွင်းကျယ်ဖုန်းတစ်လုံးအတွက် အထင်ကြီးစရာပါ။ ၂၀ ဝပ် အားသွင်းမြန်ဆန်တဲ့ အားသွင်းခေါင်းနဲ့ အားသွင်းမယ်ဆိုရင် ၀ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းကို မိနစ် ၃၀ နဲ့ အားသွင်းပေးနိုင်မှာဖြစ်ပြီး MagSafe ကို သုံးမယ်ဆိုရင်တော့ ၁၅ ဝပ် ကြိုးမဲ့အားသွင်းစနစ်နဲ့ ဖုန်းကို အားသွင်းနိုင်မှာဖြစ်ပေမယ့် ဘက်ထရီအပြည့်သွင်းဖို့တော့ ၃ နာရီဝန်းကျင်လောက် ကြာမှာ ဖြစ်ပါတယ်။
သုံးသပ်ချက်
iPhone 12 Pro Max က Apple ရဲ့ အလန်းဆုံးအရည်အသွေးမြင့် ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ ကြီးမားပြီး ရုပ်ထွက်အရည်အသွေး မြင့်မားကောင်းမွန်တဲ့ display နဲ့ ပါးလွှာပြီး ကျစ်လျစ်မှုရှိတဲ့ ပရီမီယံကိုယ်ထည်ဒီဇိုင်း၊ ထိပ်တန်းကင်မရာနဲ့ ဘက်ထရီစွမ်းဆောင်ရည်တွေအပြင် 5G ကွန်ရက်အထောက်အပံ့တွေပါ ပါဝင်တာက သုံးစွဲသူကို အထူးဆွဲဆောင်နိုင်လှပါတယ်။ ဒါပေမဲ့ လူတိုင်း အကာကွယ် ကျန်းမာရေးနှာခေါင်းနဲ့ ပါးစပ်ကာတွေ တပ်ဆင်ရတဲ့ Covid-19 ကာလအတွင်းမှာတော့ လုံခြုံရေးဆိုင်ရာ Face ID က သိပ်အဆင်မပြေလှသလို ဒီဖုန်းမှာ ပြိုင်ဘက် flagship မော်ဒယ်ဖုန်းတွေလိုမျိုး Fingerprint လက်ဗွေစနစ်လည်း မပါဝင်ပါဘူး။ မြင်ကွင်းကြီးမားတဲ့ ဖုန်းသုံးချင်သူတွေ အနေနဲ့ ၆.၉ လက်မ OLED display နဲ့ထုတ်ထားပြီး 5G ဖုန်းဖြစ်တဲ့ Samsung Galaxy Note 20 Ultra 5G ကို သုံးနိုင်သလို ဒီဖုန်းမှာ စွမ်းဆောင်ရည်မြင့် processor နဲ့ ထိပ်တန်းကင်မရာစနစ်နဲ့ လက်ဗွေစနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ နောက်တစ်ခုက 11 Pro Max ကနေ 12 Pro Max ချိန်းမယ့်သူတွေအနေနဲ့ ဒီဖုန်းမှာ ပြောင်းရလောက်အောင် ကွဲပြားခြားနားမှု များစွာ မပါဝင်လာဘူးလို့ ဆိုရမှာပါ။ ဒါပေမဲ့ iPhone 12 Pro Max က သန်းနဲ့ချီတဲ့ သုံးစွဲသူတွေ ဝယ်ယူအသုံးပြုကြတဲ့ Apple ရဲ့ ထိပ်တန်းဖုန်းတစ်လုံးဆိုတဲ့ အချက်ကလည်း ငြင်းမရတဲ့ အချက်တစ်ခုလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။
-ရဲထွဋ်ဝင်း
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««