iPhone 12 Pro Max နဲ့ရိုက်ကူးထားတဲ့ တရုတ်နှစ်သစ်ကူးဇာတ်ကားတို Apple ဖြန့်ချိ

Apple ကတော့ နောက်ဆုံးပေါ် iPhone ရဲ့ ရုပ်ရှင်ရိုက်ကူးနိုင်မှု စွမ်းဆောင်ရည်ကို ဒါရိုက်တာ လူလူဝမ်နဲ့ အတူ ပြသခဲ့ပါတယ်။

လူလူဝမ်ကတော့ ၂၀၁၉ မှာထွက်ခဲ့တဲ့ “The Farewell” ဇာတ်ကားကို ရေးသားရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမက တရုတ်နှစ်သစ်ကူး ဇာတ်ကားတိုအဖြစ် Apple အတွက် ရိုက်ကူးခဲ့ပေးပါတယ်။ အဲဒီဇာတ်လမ်းတို အမည်ကတော့ “Nian” ဖြစ်ပြီး ထင်ရှားတဲ့ တရုတ်ရိုးရာပုံပြင် တစ်ပုဒ်ကို အခြေခံရိုက်ကူးထားပါတယ်။ ၁၁ မိနစ်စာ ကြာမြင့်တဲ့ ဇာတ်လမ်းတိုကိုတော့ ဝမ်နဲ့ “The Farewell” က အဖွဲ့နဲ့ iPhone 12 Pro Max နဲ့ရိုက်ကူးခဲ့ပါတယ်။

Apple ဟာ iPhone 12 ထွက်ရှိမှုနဲ့အတူ တရုတ်ပြည်မှာ ၂၀၂၀ ဒီဇင်ဘာ သုံးလပတ်အတွင်း အမြင့်ဆုံးဝင်ငွေ ဒေါ်လာ ၂၁.၃ ဘီလျံ အထိ ရရှိခဲ့ပါတယ်။ Apple ဟာ တရုတ်နှစ်သစ်ကူး နီးကပ်လာတိုင်း တရုတ်ဒါရိုက်တာနဲ့ ပူးပေါင်းပြီး ရောင်းအားမြှင့်တင်ရေး ဇာတ်လမ်းတိုတွေ ရိုက်ကူးလေ့ရှိပါတယ်။ အခု “Nian” ဇာတ်လမ်းကတော့ Apple ရဲ့ ၄ ခုမြောက် ဇာတ်လမ်းတို ဖြစ်ပါတယ်။ Apple အနေနဲ့ တရုတ်ပြည်မှာ ထုတ်ကုန်ရောင်းအား မကျဆင်းစေဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

-စိုးထက်
Ref: Variety

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««