iPhone 12 မှာ charger ဒါမှမဟုတ် နားကြပ်မပါနိုင်

Apple ဟာ အသစ်ထွက်ရှိမယ့် iPhone အတွက် ထူးခြားတဲ့ ထုပ်ပိုးမှုတစ်ခုကို ပြုလုပ်ဖွယ်ရှိပါတယ်။ နာမည်ကျော် လေ့လာဆန်းစစ်သူ မင်ချီကူကတော့ iPhone 12 မှာ နားကြပ်မပါဝင်ဘူးလို့ ပြောထားခဲ့ဖူးပါတယ်။ အခုအခါမှာတော့ iPhone 12 အတွက် power adapter ကို သီးခြားရောင်းချဖွယ်ရှိတယ်လို့ မင်ချီကူက ခန့်မှန်းခဲ့ပါတယ်။

Apple ဟာ iPhone 12 ကို iPhone 11 ဈေးအတိုင်းရောင်းချပြီး 5G ကွန်ရက် အစိတ်အပိုင်းအတွက် ကာမိစေဖို့ ဆက်စပ်ပစ္စည်းကို ဖယ်ရှားမယ်လို့ မင်ချီကူကပြောခဲ့ပါတယ်။ iPhone ထုပ်ပိုးမှုအရွယ်အစားလည်း သေးငယ်ပြီး ဈေးနှုန်းသက်သာကာ သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းမွန်ပါတယ်။

iPhone 12 မှာ Lightning ကြိုး ပါ၊ မပါ မသိသေးပါဘူး။ နှိုင်းယှဉ်ပြောရရင် Apple ရဲ့ Series 3 Apple Watch မှာတော့ သံလိုက်အားသွင်းကြိုး ပါဝင်ပေမယ့် ပလပ်ခေါင်းတော့ မပါဝင်ပါဘူး။

iPhone 12 အတွက် 20W အထိ အားသွင်းနိုင်တဲ့ power adapter ကိုထောက်ပံ့နိုင်ပါတယ်။

Apple ရဲ့အသစ်ထွက်ရှိမယ့် iPad နဲ့ပတ်သက်ပြီး မင်ချီကူက ခန့်မှန်းခဲ့ပါသေးတယ်။ ၁၀.၈ လက်မ iPad ကတော့ ဒီနှစ်နှောင်းပိုင်းထဲ ထွက်ရှိပါမယ်။ ၈.၅ လက်မ iPad mini ကတော့ ၂၀၂၁ ပထမပိုင်းထဲ ထွက်လာပါမယ်။ Apple က iPad မှာတော့ power adapter ထည့်သွင်းပေးပါမယ်။

iPhone 12 တွေကို မော်ဒယ် ၄ မျိုး ထုတ်လုပ်လာနိုင်ပါတယ်။ မျက်နှာပြင် အသေးငယ်ဆုံးက ၅.၄ လက်မဖြစ်ပြီး ၆.၁ လက်မ မော်ဒယ် ၂ မျိုးနဲ့ ၆.၇ လက်မ ‘Max’ တို့ထွက်ရှိပါမယ်။ iPhone 12 မော်ဒယ်တွေမှာ ပထမဆုံးအကြိမ် OLED display ပါဝင်ဖွယ်ရှိပါတယ်။

စိုးထက်
Ref: 9to5Mac