iPhone 12 မှာ 120Hz မျက်နှာပြင်နဲ့ 3x zoom ကင်မရာ ပါဝင်လာနိုင်

အသစ်ထွက်ရှိမယ့် iPhone 12 စီးရီးဖုန်းနဲ့ ပတ်သက်တဲ့ CAD သရုပ်ဖော်ပုံတွေ ထွက်ပေါ်လာပါတယ်။ အဲဒီပုံတွေကို EverthingApplePro အဖွဲ့က 3D ပုံရိပ်ဖန်တီးခဲ့ပါတယ်။

iPhone 12 တွေမှာ Smart Connector (iPad လိုမျိုး) ပါဝင်မယ်လို့ ကောလာဟလ သတင်းထွက်ပေါ်ခဲ့ပါတယ်။ iPhone 12 မျက်နှာပြင်အရွယ်အစားက ၅.၄ လက်မပဲ ရှိနိုင်ပါတယ်။ iPhone SE အသစ်နဲ့ အရွယ်အစား သိပ်မကွာဘူးလို့ သိရပါတယ်။ iPhone SE အသစ်က ၄.၇ လက်မပဲ ရှိပေမယ့် 16:9 aspect ratio နဲ့ ဘေးဘောင်တွေက ကြီးပါတယ်။

iPhone 12 Pro စီးရီးထွက်ရှိနိုင်ပြီး Navy Blue ဆိုတဲ့အရောင်သစ်နဲ့ ထွက်လာနိုင်ပါတယ်။ ကျောဘက်မှာ မှန်ထည်အသုံးပြုထားပြီး matte finish အသုံးပြုထားရင် လက်ရာမထင်တော့ပါဘူး။

iPhone 12 မျက်နှာပြင်က လုံးဝ ပြင်ဆင် ပြောင်းလဲထားပါတယ်။ iPhone 12 မော်ဒယ် ၄ မျိုးစလုံးမှာ OLED မျက်နှာပြင်နဲ့ ကျဉ်းမြောင်းတဲ့ notch တွေပါဝင်လာပါမယ်။ iPhone 12 Pro စီးရီးတွေမှာတော့ 120Hz refresh rate ပါဝင်လာဖွယ်ရှိပါတယ်။

ကျောဘက်ကင်မရာပိုင်းမှာလည်း iPhone 12 Pro ဖုန်း ၂ မျိုးနဲ့ iPhone 12 ခြားနားမှုရှိပါတယ်။ iPhone 12 Pro တွေမှာတော့ LiDAR sensor ပါဝင်လာပြီး autofocus မြန်ဆန်သလို ဗီဒီယိုတွေအတွက် portrait mode ပါဝင်လာနိုင်ပါတယ်။ iPhone 12 မှာတော့ အဓိက ကင်မရာက 64MP မဟုတ်ဘဲ 12MP sensor ပဲပါဝင်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ကြီးမားတဲ့ Sensor အတွက် night mode အတွက် အဆင့်မြှင့်တင်မှု အမျိုးမျိုး ပါဝင်လာနိုင်ပါတယ်။

Pro မော်ဒယ်တွေမှာတော့ telephoto ပါဝင်မယ်လို့ သိရပါတယ်။ အဲဒီ telephoto ကြောင့် 3x zoom အသုံးပြုနိုင်ပြီး night mode လည်းပါဝင်လာနိုင်ပါတယ်။

ဒါ့အပြင် Jo Prosser ဆိုသူက YouTube ဗီဒီယိုကတစ်ဆင့် iPhone 12 အသေးစိတ် အချက်အလက်တွေကို ဖော်ထုတ်ထားပါတယ်။ iPhone 12 မော်ဒယ် နာမည်တွေကတော့ iPhone 12 (၅.၄လက်မ), iPhone 12 Max (12 Plus ဒါမှမဟုတ် ၆.၁လက်မ), iPhone 12 Pro (၆.၁လက်မ) နဲ့ iPhone 12 Pro Max (၆.၇လက်မ) တို့ပဲ ဖြစ်ပါတယ်။

ပုံမှန် iPhone 12 မော်ဒယ်တွေမှာ BOE ထုတ် display အသုံးပြုပြီး Pro မှာတော့ Samsung ကထုတ်လုပ်တဲ့ 10-bit panel တွေအသုံးပြုဖွယ်ရှိပါတယ်။ iPhone 12 ကို ၆၅၀ ဒေါ်လာနဲ့စတင်ရောင်းချနိုင်ပါတယ်။ မော်ဒယ် ၄ မျိုး စလုံးမှာ 5G ချိတ်ဆက်မှုပါဝင်ပြီး အခြေခံမော်ဒယ်တွေက ဈေးနှုန်းသင့်တင့်မယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena