iPad အတွက် Adobe က Photoshop ကိုဖြန့်ချိ

Adobe ဟာ iPad အတွက် Photoshop ကို ဖြန့်ချိမယ်လို့ မိတ်ဆက်အပြီး တစ်နှစ်အကြာမှာ app ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ Adobe ဟာ နှစ်စဉ်ကျင်းပနေ Max ဒီဇိုင်းကွန်ဖရင့်မှာ Photoshop app ကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။

ဒါ့အပြင် Photoshop ဗားရှင်း 1.0 ဖြန့်ချိမှုကို ဂုဏ်ပြုတဲ့အနေနဲ့ blog post ကိုဖြန့်ချိလိုက်ပါတယ်။ Photoshop ကို မိုဘိုင်းထုတ်ကုန်အတွက် ဒီဇိုင်းပိုင်းပြင်ဆင်ထားပြီး desktop Photoshop ရဲ့အဓိက tool တွေများစွာဖြစ်တဲ့ ပုံတွေကို ပေါင်းတာ၊ retouch နဲ့ mask ပြုလုပ်တာတွေ ပါဝင်လာပါတယ်။ အစောပိုင်း ဗားရှင်းတစ်ခုပဲ ရှိသေးတယ်လို့လည်း Adobe ကပြောကြားခဲ့ပါတယ်။

iPad ပေါ်က Photoshop ဗားရှင်းက သုံးစွဲသူ အများစုအတွက် အသုံးဝင်မယ့် သာမန်လုပ်ငန်းတွေနဲ့ အလုပ်စီးဆင်းမှုတွေကို မြန်ဆန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ Adobe အနေနဲ့ feature တွေကို အချိန်နဲ့အမျှ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

iPad အတွက် Photoshop မှာ pen tool ဒါမှမဟုတ် animation timeline လိုမျိုး desktop ဗားရှင်းက feature တွေမပါဝင်လာပါဘူး။ iPad အတွက် ဖြန့်ချိလိုက်တဲ့ Photoshop ဟာ desktop ဗားရှင်းက ကုတ်ကို အခြေခံတည်ဆောက်ထားတာ ဖြစ်ပါတယ်။ Adobe အနေနဲ့ Cloud PSD ဖိုင် format ကိုအသုံးပြုထားတဲ့အတွက် သုံးစွဲသူက tablet နဲ့ desktop မှာ sync နဲ့ တည်းဖြတ်နိုင်ပါတယ်။

စိုးထက်
Ref: TheVerge