iOS 8 အသုံးပြုမှု ၅၂ ရာခိုင်နှုန်းအထိ ရှိဟုဆို

iOS-8.jpg

ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က Apple သည် iOS 8 အသုံးပြုသူ ၅၂ ရာခိုင်နှုန်း၊ iOS 7 အသုံးပြုသူ ၄၂ ရာခိုင်နှုန်းနှင့် ဗားရှင်းဟောင်းများ အသုံးပြုသူ ၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း App Store (Distribution) စာမျက်နှာတွင် ဖော်ပြသွားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့က Apple သည် iOS 8 အသုံးပြုမှု ၄၆ ရာခိုင်နှုန်း ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး iOS 7 အသုံးပြုသူ ၄၉ ရာခိုင်နှုန်းနှင့် ဗားရှင်းဟောင်းများ အသုံးပြုသူ ၅ ရာခိုင်နှုန်းသာ ရှိကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။ ထို့ကြောင့် iOS 8 အသုံးပြုမှု နှုန်းသည်ဖြည်းဖြည်းနှင့် မှန်မှန်တိုးတက် နေလျက်ရှိကြောင်း သိရသည်။ App Store (Distribution) စာမျက်နှာတွင် ဖော်ပြခဲ့သော ရာခိုင်နှုန်းများသည် သတ်မှတ်ထားသည့် ရက်အတွင်း App Store သို့ လာရောက်ခဲ့သည့် ထုတ်ကုန်အရေအတွက် အတိအကျအတိုင်း တွက်ချက်ကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တွက်ချက်ထားခြင်းကြောင့် iOS 8 အသုံးပြုမှု အရေအတွက် အားလုံးကို မသိနိုင်သော်လည်း Apple မှတရားဝင် မှတ်တမ်းတင်ခဲ့သည့် တိုင်းတာမှု စနစ်တစ်ခု ဖြစ်လာသည်။ သို့သော်လည်း Apple ၏ တိုင်းတာမှုသည် မိုဘိုင်းဆန်းစစ်မှု ကုမ္ပဏီ Mixpanel မှတိုင်းတာမှုနှင့် ကွဲလွဲမှု ရှိနေသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က Mixpanel မှ iOS 8 သုံးစွဲသူ ၅၄ ရာခိုင်နှုန်း၊ iOS 7 သုံးစွဲသူ ၄၃ ရာခိုင်နှုန်းနှင့် အခြားဗားရှင်းဟောင်းများ သုံးစွဲသူ ၃ ရာခိုင်နှုန်း ရှိကြောင်းဖော်ပြခဲ့သည်။ Mixpanel မှထုတ်ပြန်ခဲ့သည့် အချက်အလက်များသည် မိုဘိုင်း app အသုံးပြုမှုကို အခြေခံ၍ဆန်းစစ် ထားခြင်းဖြစ်ကာ app ထောင်ပေါင်းများစွာ အသုံးပြုနေသော ထုတ်ကုန်များကို စောင့်ကြည့်လေ့လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

-စိုးထက်
Ref : CNET