iOS 13 မှာ Live Photo ပုံတွေနဲ့ အချိန်တိုအတွင်း ဗီဒီယိုတစ်ခု ဘယ်လိုဖန်တီးမလဲ

iOS 13 မှာ ပါဝင်လာတဲ့ လုပ်ဆောင်ချက်သစ် တစ်ခုက iOS Photos app က Live Photos တွေကို ဗီဒီယိုတစ်ခု အဖြစ် လျင်လျင်မြန်မြန် ပြောင်းလဲနိုင်အောင် ထောက်ပံ့ပေးပါတယ်။ ဒီလုပ်ဆောင်ချက်က ဗီဒီယို တည်းဖြတ်တဲ့ app တွေ သုံးစရာမလိုဘဲ လုပ်ဆောင်နိုင်မှာဖြစ်သလို တည်းဖြတ် app တွေသုံးတာမျိုးထက် ပိုမို မြန်ဆန်ကောင်းမွန်မှုလည်း ရှိပါတယ်။ အရင်ဆုံး iOS ထုတ်ကုန်ရဲ့ Live လုပ်ဆောင်ချက်နဲ့ မရင်းနှီးသေးတဲ့သူတွေ အတွက် Live Photos ရိုက်ကူးတဲ့အကြောင်း အနည်းငယ် ရှင်းပြချင်ပါတယ်။

အရင်ဆုံး သင့်ဖုန်းရဲ့ ကင်မရာကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ စခရင် (screen) ရဲ့ ထိပ်ပိုင်းနားက Live Photos icon လေးကို တစ်ချက်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင် icon က အဝါရောင်ပုံစံလေး ပြောင်းသွားမှာဖြစ်ပြီး သင့်အနေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ဓာတ်ပုံတွေကို Live Photo အနေနဲ့ ပြောင်းလဲ သိမ်းဆည်းထားပေးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံဂယ်လာရီထဲကို ဝင်ကြည့်လိုက်ရင်တော့ သင့် Live Photos စနစ် အသုံးပြုရိုက်ကူးထားတဲ့ ပုံတွေရဲ့ ဘယ်ဘက် အပေါ်ထောင့်နားမှာ အောက်ကပုံမှာပြထားသလို LIVE ဆိုတဲ့ စာသားလေးကို တွေ့ရမှာပါ။

ဒါဆိုရင်တော့ Live Photos ရဲ့ သဘောသဘာဝကို သိလောက်ပြီထင်ပါတယ်။ Live Photos တွေကို အသုံးပြုပြီး ဗီဒီယိုတစ်ခုအဖြစ် ဖန်တီးဖို့အတွက် သင့်အနေနဲ့ ဗီဒီယိုအဖြစ် ပြောင်းလဲဖန်တီးချင်တဲ့ Live Photo တွေကို ဓာတ်ပုံအက်ပ်ရဲ့ အယ်လ်ဘမ်တွေထဲကနေ ရွေးချယ်ရမှာပါ။

Live Photos အယ်လ်ဘမ်ထဲရောက်သွားရင်တော့ မြင်ကွင်းညာဘက် အပေါ်ထောင့်နားက Select ကိုနှိပ်ပြီး ရွေးချယ်ပေးပါ။

ရွေးချယ်ပြီးသွားရင်တော့ မြင်ကွင်းရဲ့ ဘယ်ဘက် အောက်ထောင့်နားက Share icon လေးကို တစ်ချက်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး Save as Video ဆိုတာကို ရွေးပေးလိုက်ပါ။

အဲလို ရွေးပေးလိုက်ရင်တော့ သင်ရွေးထားတဲ့ Live Photos တွေကို ဗီဒီယိုဖိုင် အနေနဲ့ Camera Roll ထဲမှာ သိမ်းဆည်းပေးလိုက်မှာ ဖြစ်ပြီး ဒါဆိုရင်တော့ သင့်အနေနဲ့ Live Photos တွေနဲ့ အချိန်တိုအတွင်း ဗီဒီယိုတစ်ခုကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ သင်ဖန်တီးထားတာတွေကို အခြားသူတွေဆီ ဗီဒီယိုတစ်ခုအနေနဲ့ အလွယ်တကူ ဝေမျှနိုင်မှာလည်း ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««