iOS 11 တွင် ဘက်ထရီပြဿနာများရှိနေ

Apple ရဲ့ iOS 11 ဟာ feature တွေအများကြီး စုံလင်ပေမယ့် ပြဿနာများစွာ ရှိနေပါတယ်။ အခုအခါမှာလည်း iOS 11 မှာ ဘက်ထရီ အလွန်အမင်းကျဆင်းတဲ့ ပြဿနာရှိတယ်လို့ မိုဘိုင်းလုံခြုံရေးကုမ္ပဏီ Wandera ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

iPhone နဲ့ iPad သုံးစွဲသူတွေဟာ iOS update ပြုလုပ်အပြီးမှာ ဘက်ထရီသက်တမ်း တာရှည်မခံတဲ့အပေါ် အွန်လိုင်းမှာ ဝေဖန်ရေးသားခဲ့ကြပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး Wandera က ခိုင်မာတဲ့သက်သေတွေ ရရှိထားတယ်လို့ သိရပါတယ်။ Wandera အနေနဲ့ iOS 11 နဲ့ iOS 10 အသုံးပြုတဲ့ iPhone နဲ့ iPad သုံးစွဲသူ ၅၀,၀၀၀ ခန့်ကို လေ့လာစောင့်ကြည့်ပြီး သက်သေတွေရှာဖွေထားပါတယ်။ ရလဒ်ကတော့ iOS 11 ကို အဆင့်မြှင့်တင်အသုံးပြုသူတွေရဲ့ ဘက်ထရီသက်တမ်းက iOS 10 သုံးထားသူထက် ၂ ဆ ပိုမိုကျဆင်းတာကို တွေ့ရပါတယ်။

iOS 10 သုံးထားတဲ့ iPhone တွေဟာ ဘက်ထရီအားမကုန်ခင်မှာ ပျှမ်းမျှအားဖြင့် မိနစ် ၂၄၀ အသုံးပြုနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ iOS 11 အသုံးပြုထားတဲ့ iPhone ကတော့ ပျှမ်းမျှအားဖြင့် ၉၆ မိနစ်ပဲ အသုံးပြုနိုင်ပြီး ၆၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

iOS 11 အသုံးပြုထားတဲ့ iPhone သုံးစွဲသူတွေအနေနဲ့ အဲဒီ ပြဿနာကို Apple က မဖြေရှင်းပေးခင်အတောအတွင်း background app သုံးစွဲမှုကို ကန့်သတ်တာနဲ့ တည်နေရာ setting ကို ပိတ်လိုက်ရင် ဘက်ထရီ ကျဆင်းမှုကို သက်သာစေလိမ့်မယ်လို့ ဆိုပါတယ်။

Apple က ဘက်ထရီ အလွန်အမင်းကျဆင်းမှုကို ပြင်ဆင်နိုင်မယ့် update သစ်မဖြန့်ချိခင်မှာ low power mode ကို အသုံးပြုသင့်တယ်လို့ Wandera က အကြံပြုထားပါတယ်။

စိုးထက်
Ref: Forbes