iOS နဲ့ iPadOS 13.4 မှာပါဝင်လာတဲ့ feature အသစ်များ

Apple ဟာ developer တွေအတွက် iOS နဲ့ iPadOS 13.4 beta ဗားရှင်းကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ အခု beta ဗားရှင်းသစ်မှာ feature သစ်တွေ၊ ဒီဇိုင်းပိုင်းပြောင်းလဲမှုတွေနဲ့ သိကောင်းစရာ အပြောင်းအလဲတွေ ပါဝင်ပါတယ်။ အခုဆောင်းပါးမှာတော့ iOS နဲ့ iPad OS 13.4 မှာတွေ့ရတဲ့ အပြောင်းအလဲတွေအားလုံးကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Mail Toolbar အသစ်

Mail app အတွင်း delete icon ကနေ reply icon ကိုအပြောင်းအလဲ ပြုလုပ်ထားပါတယ်။ iOS 13 မှာ ခလုတ် ၂ ခု ကို ဖယ်ရှားလိုက်တဲ့အတွက် အီးမေးလ် မှားဖျက်မိတဲ့ကိစ္စကို ဖြေရှင်းပေးထားပါတယ်။ အခုဒီဇိုင်းမှာတော့ အီးမေးလ်ကို ကြည့်တဲ့အခါ ညာဘက်မှာ reply ခလုတ်ကို နေရာချထားပြီး ဘယ်ဘက်မှာတော့ delet ခလုတ်ကို ထည့်ထားကာ ကြားထဲမှာ Flag icon ကိုထည့်သွင်းလိုက်ပါတယ်။

iCloud Folder ဝေမျှခြင်း

iOS 13 ကို စတင်မိတ်ဆက်တုန်းက iCloud Folder Sharing feature သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပညာအခက်အခဲကြောင့် beta စမ်းသပ်မှုအတွင်း ဖြုတ်ပစ်ခဲ့ပါတယ်။ အခု iOS 13.4 မှာတော့ iCloud Folder Sharing ပါဝင်လာပြီး အခြားလူတွေနဲ့ Files app အတွင်း folder ကိုဝေမျှနိုင်ပါပြီ။

Memoji စတစ်ကာများ

iOS 13 မှာ စတင်မိတ်ဆက်လိုက်တဲ့ Memoji စတစ်ကာတွေက Memoji နဲ့ Animiji ဇာတ်ကောင်တွေဖြစ်တဲ့ emoji စတိုင်လ်စတစ်ကာတွေပါ။ iOS 13.4 မှာတော့ စတစ်ကာပုံစံ အသစ် ၈ ခု ထပ်ပါလာပါတယ်။

Universal macOS/ iOS/ tvOS ဝယ်ယူမှု

Apple ဟာ တစ်ခါတည်းနဲ့ iOS, tvOS နဲ့ macOS app တွေဝယ်ယူဖို့ developer တွေကို ခွင့်ပြုမယ့် လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ iOS နဲ့ macOS app တွေဖန်တီးတဲ့ developer တွေက bundle တစ်ခုတည်းနဲ့ app တွေကို ရောင်းချနိုင်ပါမယ်။ အခုအပြောင်းအလဲက developer နဲ့ ဖောက်သည်တွေအတွက် လွယ်ကူလာပြီး iOS နဲ့ macOS သုံးစွဲသူတွေက app အတွက် ဝယ်ယူမှုတစ်ခါပဲ ပြုလုပ်စရာလိုတော့ပါတယ်။

CarPlay

CarPlay အတွင်း third-party လမ်းညွှန်စနစ်တွေနဲ့ ဖုန်းခေါ်ဆိုမှုထိန်းချုပ်မှုအသစ်တွေ ပါဝင်လာပါမယ်။

CarKey API

iOS 13.4 အတွင်း CarKey လို့အမည်ရတဲ့ API အသစ်တစ်ခုပါဝင်လာပါတယ်။ CarKey က iPhone နဲ့ Apple Watch တို့နဲ့ ကားကို အဖွင့်၊ အပိတ်လုပ်တာနဲ့ စက်နှိုးတာ ပြုလုပ်နိုင်ပါတယ်။ ကားတွေမှာ CarKey ကိုအသုံးပြုဖို့ NFC ထောက်ပံ့မှု ကားမှာပဲအသုံးပြုနိုင်ပါမယ်။ သုံးစွဲသူက ကားနဲ့အနီးအနားမှာ iPhone ဒါမှမဟုတ် Apple Watch ကိုင်ထားပြီး အဖွင့်၊ အပိတ်လုပ်နိုင်ပါတယ်။ FaceID ကတစ်ဆင့် အတည်ပြုစရာမလိုတော့ဘဲ Wallet app ကတစ်ဆင့် pair လုပ်ရပါမယ်။CarKey ကိုမိသားစုဝင်လိုမျိုး အခြားလူတွေနဲ့ ဝေမျှနိုင်ပါတယ်။ Wallet app ကနေ Apple ထုတ်ကုန်တွေကို သော့အဖြစ်သုံးနိုင်ဖို့ ဖိတ်ကြားရပါမယ်။ Apple ဟာ iOS 13.4 update မှာအခု feature ကိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ ကားထုတ်လုပ်သူတစ်ချို့နဲ့ လုပ်ကိုင်နေပါတယ်။

တည်နေရာဝန်ဆောင်မှု

iOS 13.4 နဲ့ iPadOS 13.4 update အတွက် Apple ရဲ့ထုတ်ပြန်ချက်မှာ app တစ်ခုကို အသုံးပြုနေစဉ်မှာ တည်နေရာခွင့်ပြုချက်ပေးပြီးနောက် ပထမဆုံးအကြိမ် တည်နေရာဝန်ဆောင်မှု အမြဲတောင်းခံပြီဆိုရင် ခွင့်ပြုချက်ပေးတဲ့ သတိပေးချက်ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

iPad ပေါ်က Keyboard shortcut

iPad အတွက် Photos app အတွင်းအသုံးပြုနိုင်မယ့် keyboard shortcut အသစ်တွေပါဝင်လာပါတယ်။ ဒါ့အပြင် tab တွေနဲ့ ရှာဖွေမှု၊ အယ်လ်ဘမ်ဖန်တီးမှုတွေကိုလည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ iPad ကို full screen mode နဲ့အသုံးပြုတဲ့အခါ ဓာတ်ပုံကို ဖျက်တာ၊ ပွားတာနဲ့ တည်းဖြတ်တာအတွက် keyboard shortcut တွေ ပါဝင်လာပါတယ်။

Shazam Shortcut များ

Shazam app အတွင်း shortcut ဖန်တီးလိုက်ရင် “Shazam It” အတွင်းက shortcut အသစ်တွေတွေ့ရပါမယ်။

iPadOS ရဲ့ keyboard ခလုတ်တွေကို သတ်မှတ်ခြင်း

iPad နဲ့တွဲချိတ်မယ့် keyboard ခလုတ်ပေါ်က hardware ခလုတ်တွေကို ပြန်လည်သတ်မှတ်နိုင်မယ့် option အသစ်တစ်ခု ပါဝင်လာပါတယ်။

-စိုးထက်
Ref: MacRumors