iOS နဲ့ Android အတွက် Cortana ထောက်ပံ့မှုကို Microsoft ရပ်တန့်သွားမယ်

Microsoft ဟာ ဇန်နဝါရီလအတွင်း iOS နဲ့ Android အတွက် ထုတ်လုပ်ထားတဲ့ Cortana app ကို ပိတ်သိမ်းသွားဖို့ စီစဉ်နေတယ်လို့ ပြောခဲ့ပါတယ်။

Microsoft အနေနဲ့ ယူကေ၊ ကနေဒါနဲ့ ဩစတြေးလျဈေးကွက်တွေမှာ iOS နဲ့ Android အတွက် Cortana ထောက်ပံ့မှုကို ပိတ်သိမ်းမယ်ဆိုတဲ့ ဆောင်းပါးကို တင်ခဲ့ပါတယ်။ ဇန်နဝါရီ ၃၁ ရက်မှာ ယူကေ၊ ဩစတြေးလျ၊ ဂျာမနီ၊ မက္ကဆီကို၊ တရုတ်၊ စပိန်၊ ကနေဒါနဲ့ အိန္ဒိယအတွက် Cortana app ကိုပိတ်မယ်လို့ Microsoft ကအတည်ပြုထားပါတယ်။

“Cortana ဟာ ကျွန်တော်တို့ platform တွေနဲ့ ထုတ်ကုန်တွေအားလုံးအတွက် စကားပြောဆိုနိုင်တဲ့ တွက်ချက်မှုနဲ့ အလုပ်တွင်ကျယ်အောင် ပြုလုပ်ပေးမယ့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ Cortana ကို အထောက်အကူဖြစ်အောင် ပြုလုပ်နိုင်ဖို့ ကျွန်တော်တို့က Microsoft 365 app တွေထဲ Cortana ကို ပေါင်းစပ်ထားပါတယ်။ Android နဲ့ iOS ပေါ်က Cortana မိုဘိုင်း app ထောက်ပံ့မှုကို အဆုံးသတ်လိုက်တာက ဆင့်ကဲပြောင်းလဲမှု အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်” လို့ Microsoft ကပြောခဲ့ပါတယ်။

ဇန်နဝါရီ ၃၁ ရက်အပြီး အမေရိကန်မှာ iOS နဲ့ Android အတွက် Cortana ကို ဘယ်လောက်ကြာအောင် ထောက်ပံ့မလဲဆိုတာ မသိသေးပါဘူး။ Microsoft ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ iOS နဲ့ Android အတွက် Cortana ကိုမိတ်ဆက်ခဲ့ပါတယ်။ Cortana ဟာ ကနဦးမှာ Windows 10 ကွန်ပျူတာတွေနဲ့ မိုဘိုင်းတွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Microsoft အနေနဲ့ ဖုန်းနဲ့အခြားထုတ်ကုန်တွေက အခြား digital assistant တွေကို မယှဉ်ပြိုင်ခဲ့ပါဘူး။ Microsoft အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဆတ်ရာနာဒယ်ကတော့ Cortana ကို Alexa, Google Assistant နဲ့ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ဘက်အဖြစ် မမြင်တော့ဘူးလို့ ထုတ်ဖော်ပြောကြားထားပါတယ်။

အခုဆိုရင် Microsoft ဟာ Microsoft 365 အစိတ်အပိုင်းထဲမှာ Cortana ကိုထည့်သွင်းဖို့ အာရုံစိုက်နေပါတယ်။ Cortana ကို iOS နဲ့ Android အတွက် Outlook အတွင်း တိုက်ရိုက် ပေါင်းစပ်ပေးထားပါတယ်။

စိုးထက်
Ref: TheVerge