iOS တွင် External Audio ဖြင့် Screen Record ကို ဘယ်လိုလုပ်မလဲ

iOS 11 အထိ iPhone screen ကို မှတ်တမ်းတင်ချင်တဲ့အခါမှာ မိမိရဲ့ iPhone ကို Mac နဲ့ ချိတ်ဆက်ပြီး Quicktime ကို အသုံးပြုကာ screen ကို မှတ်တမ်းတင် record လုပ်ရတာ ဖြစ်ပါတယ်။ Apple က iOS 11အတွက် Screen Recording feature အသစ်ကို ဖြန့်ချိလိုက်တဲ့အခါမှာတော့ အနည်းငယ် ပြောင်းလဲလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ feature သစ်ရဲ့ ဖန်သားပြင်အသံဖမ်း (screen record) လုပ်ဆောင်ချက်က ဗွီဒီယိုမှတ်တမ်းတင်နေစဉ် ဖုန်းရဲ့ system audio ကိုပဲ အသံကိုသာ ဖမ်းယူပေးပါတယ်။ မိုက်ခရိုဖုန်းကနေ ပြင်ပအသံဖမ်းယူ မှတ်တမ်းတင်တာမျိုး မလုပ်ဆောင်နိုင်ပါဘူး။ မိမိအနေနဲ့ iOS setting ထဲက audio input စနစ်ကို ပြောင်းလဲအသုံးပြုမယ်ဆိုရင်တော့ External Audio ကို သုံးပြီး Screen record လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အရင်ဆုံး iOS device ရဲ့ Control Center ကိုဖွင့်ပါ။ iPad, iPhone X နဲ့အထက် ဖုန်းဆိုရင်တော့ မျက်နှာပြင်ရဲ့ ထိပ်ပိုင်းညာဘက်မှ အပေါ်ကနေ အောက်ကိုပွတ်ဆွဲလိုက်ပါ။ မိမိရဲ့ဖုန်းက Home ခလုတ်ပါတဲ့ iPhone မော်ဒယ်ဆိုရင်တော့ မျက်နှာပြင်ရဲ့အောက်ခြေကနေ အပေါ်သို့ ပွတ်ဆွဲတင်ပါ။ ဒီလို လုပ်ဆောင်ပြီးတဲ့အခါမှာ ဖုန်းရဲ့ Control Center ပွင့်လာပါလိမ့်မယ်။

Control Center စနစ်ထဲက Screen Recording icon ကို စက္ကန့်အနည်းငယ်ကြာ ဖိနှိပ် (Long-tap / Force-touch) ပေးရမှာဖြစ်ပါတယ်။

အဲလိုနှိပ်ပြီးရင်တော့ မိမိအနေနဲ့ နားကြပ်မိုက်သုံးပြီး မှတ်တမ်းတင်လိုသော app ကိုရွေးပေးဖို့ menu တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲဒီအောက်မှာ မိုက်ကရိုဖုန်း option က ပုံမှန်အားဖြင့် “Off” ဆိုပြီး ဖြစ်နေပါလိမ့်မယ်။

မိုက်ခရိုဖုန်းကို တစ်ချက်နှိပ်လိုက်ပါက အနီရောင်ကို ပြောင်းသွားပါလိမ့်မယ်။ အဲလိုဖြစ်သွားရင်တော့ ဖုန်းက Screen record စနစ်ကို မိုက်ကရိုဖုန်းနဲ့ စတင် မှတ်တမ်းတင်ပေးသွားမှာဖြစ်ပါတယ်။

မိမိအနေနဲ့ Screen record စတင်တဲ့အခါ မိုက်ခရိုဖုန်းကတစ်ဆင့် ပြင်ပအသံကို ထည့်သွင်းပြီး အလိုအလျောက် မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။ အဲလိုမျိုး ပြင်ပ Audio အတွက် ဖုန်းရဲ့မိုက်ကိုသာ သုံးရမယ်လို့လည်း မကန့်သတ်ထားပါဘူး။ အသံသွင်းဖို့ in-line မိုက်ခရိုဖုန်းကို သုံးနိုင်သလို Bluetooth နားကြပ်နဲ့ မိုက်ပါတဲ့ နားကြပ်တွေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း