Industry 4.0 in Myanmar အွန်လိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့

မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်စက်မှုနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ (AHK Myanmar) က Industry 4.0 in Myanmar ခေါင်းစဉ်နဲ့ အွန်လိုင်းဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ အနေဖြင့် မိုဘိုင်းဆက်သွယ်ရေး၊ ငွေကြေးဆက်သွယ်ရေး၊ အီလက်ထရောနစ်စီးပွားရေးနှင့် စမတ်စီးတီးနယ်ပယ်များတွင် ဒီဂျစ်တယ်နည်းပညာကို အသုံးပြုလုပ်ကိုင်လျက် တိုးတက်မှုများကို မြင်တွေ့နေရကြောင်း၊ ယခုကဲ့သို့ COVID-19 ကပ်ရောဂါဘေးကာလတွင် သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးရေး အတွက် အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုတို့သည် အရေးပါသည်မှာ မှန်သော်လည်း ၂၁ ရာစု အရည်အသွေးများအတွက် အရည်အသွေးပြည့်ဝသောဆရာများနှင့် စာသင်ခန်းတွင်း သင်ယူရေး၊ ကျောင်းသားများ၏ Soft Skills များကို မြှင့်တင်ပေးရေးတို့မှာလည်း အရေးပါသော ကဏ္ဍတစ်ရပ်အဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း၊ Industry 4.0 ခေတ်ကာလတွင် အလုပ်အကိုင် ကောင်းကောင်းရရှိရေး အတွက် ယှဉ်ပြိုင်ရာတွင် လိုအပ်သော တတ်ကျွမ်းမှုများ ရရှိစေရန် အကျိုးရှိ သည့် ဘာသာရပ်များကို ဘဝတစ်သက်တာသင်ယူမှု အခွင့်အလမ်းများ ရရှိစေရန်အတွက် High-tech Learning သာမကHigh-touch Learning သည်လည်း အရေးပါမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံပညာဆရာများအတွက် Grade 4, 7, 10 သင်ရိုးသစ်ဆိုင်ရာ အွန်လိုင်းသင်တန်းကို မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း (MDEP) ကို အသုံးပြုပို့ချခဲ့ပြီး အွန်လိုင်းသင်ယူမှုများကို အဆင့်လိုက်ဆောင်ရွက်သွားရန် စီစဉ်ပံ့ပိုးလျက်ရှိတယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ  ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««