In-screen fingerprint scanner နည်းပညာပါဝင်တဲ့ ပထမဆုံးဖုန်းကို Vivo မိတ်ဆက်

Synaptics ဟာ စမတ်ဖုန်းတွေရဲ့ display အထဲမှာ နေရာချထားနိုင်တဲ့ fingerprint scanner ကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် display အတွင်း fingerprint scanner ထည့်သွင်းထားတဲ့ ပထမဆုံး ဖုန်းကို ထိပ်တန်းစမတ်ဖုန်း ကုမ္ပဏီတစ်ခုက CES 2018 ပြပွဲမှာ မိတ်ဆက်မယ်လို့ Synaptics က ပြောခဲ့ပါတယ်။

ဒီနေ့မှာတော့ Vivo က ကောလာဟလသတင်းတွေကို အတည်ပြုခဲ့ပြီး လက်စ်ဗီးဂတ်စ်မှာပြုလုပ်တဲ့ CES ပြပွဲမှာ display အတွင်း fingerprint scanner ပါဝင်တဲ့ စမတ်ဖုန်းကို ပြသခဲ့ပါတယ်။ ဒါကြောင့် Vivo က စမတ်ဖုန်းအတွင်း in-display fingerprint sensor နည်းပညာ အသုံးပြုထားတဲ့ ပထမဆုံး ကုမ္ပဏီဖြစ်လာပါတယ်။

အဲဒီ in-display fingerprint sensor ကို mainboard နဲ့ OLED panel အကြားထည့်သွင်းထားပြီး လက်ဗွေရာကို နှိပ်လိုက်တဲ့အခါမှာ မီးလင်းပြီး ဖုန်း unlock ဖြစ်သွားမှာ ဖြစ်ပါတယ်။

ဒီနည်းပညာဟာ သက်သောင့်သက်သာနဲ့ authentication ပြုလုပ်နိုင်မယ့်နည်းလမ်းကို ရှာဖွေနေတဲ့ မိုဘိုင်းလုပ်ငန်းရဲ့ စိန်ခေါ်မှုကို ဖြေရှင်းပေးနိုင်တယ်လို့ Vivo ကအကြီးတန်းဒုဥက္ကဋ္ဌ အဲလက်စ်ဖန်က ပြောပါတယ်။ Vivo အနေနဲ့ in-display fingerprint sensor ပါဝင်တဲ့ စမတ်ဖုန်းကို အလုံးအရင်းထုတ်လုပ်ဖို့ အသင့်ဖြစ်နေပြီး ၂၀၁၈ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

အဲဒီ in-display လုံခြုံရေးစနစ်ဟာ Vivo X20 နဲ့ Samsung Galaxy S8 တို့ flagship ထုတ်ကုန်တွေမှာ မြင်တွေ့ရတဲ့ scanner တွေလိုပဲ အဆင့်တူညီတယ်လို့ Synaptics က ထုတ်ပြန်ခဲ့ပါတယ်။

စိုးထက်
Ref: GSMArena