IMEI ဆိုတာ

IMEI ဆိုတာကတော့ မိုဘိုင်းဖုန်းထုတ်ကုန်တွေရဲ့ မှတ်ပုံတင်အမှတ်လို့ ဆိုရမှာပါ။ IMEI ရဲ့ အရှည်ကတော့ International Mobile Station Equipment Identity ဖြစ်ပြီး IMEI မှာ နံပါတ်အရေအတွက် စုစုပေါင်း ၁၅ လုံး ပါဝင်မှာဖြစ်ပါတယ်။

အဲဒီနံပါတ်တွေကို 3GPP ကွန်ရက်စနစ်အတွက် သက်သေခံနံပါတ်တွေအဖြစ် သတ်မှတ် အသုံးပြုတာဖြစ်ပြီး 3GPP ကွန်ရက်ထဲမှာတော့ GSM, UMTS/WCDMA, LTE စတဲ့ မိုဘိုင်းနက်ဝက်ခ်တွေပါဝင်တဲ့အပြင် iDEN မိုဘိုင်းဖုန်းလို့ ခေါ်ဝေါ်သုံးစွဲတဲ့ တချို့သော ဂြိုဟ်တုစနစ်သုံးဖုန်းတွေ ပါဝင်မှာဖြစ်ပါတယ်။
ယခင်က IMEI နံပါတ်တွေကို အများအားဖြင့် ဖုန်းရဲ့ ဘက်ထရီထည့်သွင်းတဲ့ အံထဲမှာ ရိုက်နှိပ် ဖော်ပြထားလေ့ရှိတဲ့အပြင် ဖုန်းခေါ်တဲ့ dialpad ကနေ *#06# ကိုနှိပ်ပြီး ဖုန်းမြင်ကွင်း screen ပေါ်ကနေလည်း IMEI နံပါတ်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဖုန်း တော်တော်များများမှာ *#06# ကို dialpad ကနေ ရိုက်ပြီးကြည့်ရှုနိုင် မှာဖြစ်ပြီး တချို့စမတ်ဖုန်းတွေမှာတော့ OS ရဲ့ settings menu ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

GSM နက်ဝက်ခ်တွေမှာ ထုတ်ကုန်တစ်ခုချင်းစီရဲ့ IMEI နံပါတ်ကို သတ်မှတ်လေ့ရှိပြီး အဲလို သတ်မှတ်လိုက်တဲ့ အတွက် မတော်တဆ ဖုန်းအခိုးခံရတဲ့အခါမျိုးမှာ ဖုန်းရဲ့ IMEI နံပါတ်ကို အသုံးမပြုနိုင်အောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ သတ်မှတ်ပေးထားတဲ့ IMEI နံပါတ်ကို နက်ဝက်ခ်ဆားဗစ်ပေးတဲ့ဆီကို ပို့ပေးပြီး ဖုန်းကနေ နက်ဝက်ခ်ချိတ်ဆက် အသုံးမပြုနိုင်အောင် ပိတ်ခိုင်းတာ ဖြစ်ပါတယ်။ အဲဒီလို ပိတ်လိုက်မယ်ဆိုရင်တော့ ဖုန်းကို ခိုးယူသွားသူဟာ IMEI ကနေ သတ်မှတ်ထားတဲ့ နက်ဝက်ခ်အပြင် အခြားသော နက်ဝက်ခ်တွေမှာ အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ ဖုန်းကို ခိုးယူတဲ့သူအနေနဲ့ ဖုန်းထဲက SIM ကတ်ကို ပြောင်းလဲထည့်သွင်းလိုက်ရင်တောင် အသုံးပြုနိုင်မှာမဟုတ်ပါ ဘူး။

IMEI နံပါတ်တွေကို သတ်မှတ်ထုတ်လုပ်တဲ့သူတွေက ထုတ်ကုန် တစ်ခုချင်းစီအတွက်သာ သတ်မှတ်လေ့ရှိပြီး ကွန်ရက်စနစ်တွေရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ကတော့ ထုတ်လုပ်သူတွေက ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်ရဲ့ စွမ်းဆောင်ရည်ပေါ်မှာသာ မူတည်နေမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း