iflix ၏ အနုပညာအကြံပေးနှင့် မိတ်ဆက်သံတမန်တစ်ဦး အနေဖြင့် ထပ်ဆင့်အကယ်ဒမီဖွေးဖွေး လုပ်ဆောင်သွားမည်

လစဉ်ကြေးပေးသွင်းကာ အင်တာနက်မှ ရုပ်ရှင်များကြည့်ရှုနိုင်သော ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ iflix ရဲ့ အနုပညာအကြံပေးနဲ့ မိတ်ဆက်သံတမန်တစ်ဦး အနေနဲ့ ထပ်ဆင့်အကယ်ဒမီဖွေးဖွေး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

“ဖွေးဖွေးကို iflix ရဲ့ မိသားစုဝင်တစ်ယောက်အဖြစ် ကြိုဆိုရတာ အရမ်းကျေနပ်မိပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင်နယ်ပယ်မှာ အရေးပါတဲ့နေရာမှာရှိနေတဲ့ သူမဟာဆိုရင် ရုံတင်ကားတွေအပြင် တခြားသောနယ်ပယ်တွေမှာပါ သူမရဲ့အောင်မြင်မှုက ကြီးမားတဲ့အပြင် iflix ရဲ့ အမှတ်တံဆိပ်၊ ရည်မှန်းချက်တွေနဲ့ တန်ဖိုးတွေကို ကိုယ်စားပြုမယ့် အကောင်းဆုံး အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်” လို့ iflix ရဲ့ အင်ဒိုချိုင်းနားဒေသပိုင်းဆိုင်ရာ အကြီးအကဲ Adeana Greenlee က ပြောကြားပါတယ်။

ဖွေးဖွေးအနေနဲ့ သူရဲ့အနုပညာလုပ်ငန်း အတွေ့အကြုံတွေကို iflix ရဲ့ အရေးပါတဲ့ အကြံပေးတစ်ဦးအနေနဲ့ အကြံဉာဏ်များ ပေးအပ်သွားမယ့်အပြင် iflix ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ရုပ်ရှင်ရုံတွင်ပြသပြီတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပိုမိုအလေးပေးကာ မြန်မာ့ရုပ်ရှင်ဇာတ်လမ်းများကို iflix မှာ အများပြည်သူ ကြည့်ရှုနိုင်အောင် ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် iflix မူပိုင်အနေနဲ့ အစီအစဉ်များ ပြုလုပ်ရာမှာလည်း ဖွေးဖွေးက ကူညီပံ့ပိုးပေးသွားမှာဖြစ်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်း ရုပ်ရှင်များအပြင် မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ အနုပညာကို နိုင်ငံတကာမှာပြသနိုင်မယ့် ဝန်ဆောင်မှုတစ်ခုကို ဖော်ဆောင်ပေးသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဖွေးဖွေးကို iflix ရဲ့ မိသားစုဝင်တစ်ယောက်အဖြစ် ကြိုဆိုပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ Junciont City ၊ မှာ ဇန်နဝါရီ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲမှာ ဖွေးဖွေးက သူမရဲ့ပရိသတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ iflix ကို မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဘရူနိုင်း၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ မြန်မာ၊ ဗီယက်နမ် အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ ကြည့်ရှုအသုံးပြုနိုင်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း