IFA 2019 ပြပွဲက အကောင်းဆုံးဖုန်းများ

နှစ်စဉ်ကျင်းပနေကျ IFA ပြပွဲမှာ ဟန်းဆက်ထုတ်လုပ်သူ ဒါဇင်နဲ့ချီပါဝင်ပြီး နောက်ဆုံးပေါ်ထုတ်ကုန်တွေ ပြသလေ့ရှိပါတယ်။ အခုလည်း အရင်နှစ်တွေလိုပါပဲ စက်တင်ဘာ ၆ ရက်စတင်ပြီး ၁၁ ရက်အထိ ပြုလုပ်ခဲ့တဲ့ IFA 2019 မှာလည်း နောက်ဆုံးပေါ်စမတ်ဖုန်းတွေ ပါဝင်ခဲ့ပါတယ်။

LG G8X ThinQ

LG G8X ThinQ ဟာ Samsuung Galaxy fold နဲ့ Huawei Mate X တို့နဲ့ဆင်ပါတယ်။ အခုဖုန်းမှာ အကြမ်းခံနိုင်ပြီး ဘက်စုံအသုံးပြုနိုင်တဲ့ ၆.၄ လက်မ OLED display ပါဝင်လာပါတယ်။ အဓိကက ၆.၄ လက်မ OLED panel မှာ in-display fingerprint sensor လည်းပါဝင်လာပါတယ်။ G8X မှာ Qualcomm Snapdragon 855 ပရိုဆက်ဆာ၊ RAM 6GB နဲ့ onboard storage 128GB လည်းပါဝင်လာပါတယ်။ ဘက်ထရီကတော့ 4,000mAh နဲ့ကျောဘက်မှာ 12 နဲ့ 13-megapixel ကင်မရာ ပါဝင်လာပါတယ်။

စျေးနှုန်းနဲ့ ရောင်းချမယ့်နေရာကိုတော့ မထုတ်ပြန်သေးပါဘူး။ နှစ်ကုန်မှာ LG G8X ThinQ ကို သီးသန့်ရောင်းချမှာဖြစ်ပြီး Dual မျက်နှာပြင်လိုချင်ရင်တော့ bundle အဖြစ် ရောင်းချမှာပါ။

Samsung Galaxy Fold

Samsung Galaxy Fold ဟာ အစောပိုင်းမှာ မျက်နှာပြင်အက်ကွဲမှုကို ဖုန်းအကြောင်း သုံးသပ်သူတွေက သတိပြုမိပြီးနောက် ပြန်လည်သိမ်းဆည်းခဲ့ကာ အခုဆိုရင် ပိုမိုသပ်ရပ်အောင် ပြုလုပ်ထားပါတယ်။

Galaxy Fold မှာ Snapdragon 855 ပရိုဆက်ဆာနဲ့အတူ RAM 12GB နဲ့ storage 512GB တို့ပါဝင်လာပါတယ်။ ခေါက်ထားနိုင်တဲ့ AMOLEd display ကိုခေါက်ထားတဲ့ အတိုင်းဆို ၄.၆ လက်မရှိပြီး ဖြန့်လိုက်ရင်တော့ ရ.၃ လက်မ ရှိပါတယ်။ Galaxy Fold 5G မော်ဒယ်တွေကို ဈေးကွက်တစ်ချို့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

ဒေါ်လာ ၁,၉၈၀ တန်ဖိုးရှိ Galaxy Fold ဟာ Samsung ရဲ့စျေးနှုန်း အကြီးဆုံး ဖုန်းဖြစ်လာပါတယ်။ လက်ရှိ ကိုရီးယားနိုင်ငံမှာ ရောင်းချနေပြီး စက်တင်ဘာ ၁၈ ရက်မှာတော့ ဥရောပနိုင်ငံတွေမှာ ရောင်းချသွားပါမယ်။

Sony Xperia 5

Sony ရဲ့စမတ်ဖုန်းတွေက အမေရိကန်မှာ ရေပန်းမစားပေမယ့် မျက်နှာပြင် ၆.၁ လက်မ OLED display နဲ့အတူ 21:9 aspect ratio နဲ့ feature စုံလင်ပြီး multimedia တွေကြည့်ရှုရတာ နှစ်သက်သူတွေအတွက် အဆင်ပြေပါတယ်။

Xperia 5 မှာ Qualcomm Snapdragon 855 ပရိုဆက်ဆာနဲ့အတူ RAM 6GB, storage 128GB နဲ့အတူ 512GB အထိ ထည့်သွင်းနိုင်တဲ့ microSD slot နဲ့ ဘက်ထရီ 3,140mAh တို့ပါဝင်လာပါတယ်။ ဖုန်းရဲ့ကျောဘက်ကင်မရာကတော့ 12MP ဖြစ်ပါတယ်။

Xperia 5 ကို ဒေါ်လာ ရ၉၉ နဲ့ကြိုတင်မှာယူနိုင်ပြီး နိုဝင်ဘာ ၅ ရက်မှာ စတိုးဆိုင်တွေကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Samsung Galaxy A90 5G

Samsung ဟာ 5G ကွန်ရက်ပိုင်း တော်တော်အသုံးချနေပါတယ်။ တန်ဖိုးကြီး ထုတ်ကုန်တွေဖြစ်တဲ့ Galaxy S10 5G, Galaxy Note 10 5G နဲ့ Galaxy Fold 5G ထုတ်ကုန်တွေအပြင် အလယ်လတ်တန်းစား Galaxy A90 5G ကိုလည်း မိတ်ဆက်ထားပါတယ်။

Galaxy A90 5G မှာ RAM 6GB ဒါမှမဟုတ် 8GB နဲ့ storage 128GB နဲ့အတူ Qualcomm 855 ပရိုဆက်ဆာ ပါဝင်လာပါတယ်။ မျက်နှာပြင်အရွယ်က ၆.၇ လက်မ OLED display ဖြစ်ပြီး ကျောဘက်မှာ ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 4,500mAh ဖြစ်ပါတယ်။

Samsung Galaxy A90 5G ကို ကိုရီးယားနိုင်ငံအတွင်း စတင်ရောင်းချနေကာ အောက်တို ဘာ ၄ ရက်တွင် ယူကေထဲမှာ ဒေါ်လာ ၈၃၄ နဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။

Nokia 7.2

Nokia 7.1 နေရာမှာ အသစ်ဝင်ရောက်လာမယ့် Nokia 7.2 မှာ မျက်နှာပြင် ၆.၃ လက်မ LCD နဲ့အတူ PureDisplay ပါဝင်ပြီး SDR multimedia တွေကို HDR အထိမြှင့်တင်ပေးထားပါတယ်။ Nokia 7.2 မှာ Android P ရဲ့ Android One ဗားရှင်း ပါဝင်တဲ့အတွက် OS နဲ့ လုံခြုံရေး update တွေရရှိနေမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၃၄၉ တန်ဖိုးရှိတဲ့ Nokia 7.2 ဟာ အလားအလာများစွာရှိပါတယ်။

Sharp Aquos V

Sharp ဟာ တီဗီတွေထုတ်တဲ့အပြင် စမတ်ဖုန်းကောင်းတွေလည်း ထုတ်လုပ်တတ်ပါတယ်။ Sharp Aquos V ဟာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်က ကျစ်လျစ်ပါတယ်။ ဖုန်းမှာ Qualcomm Snapdragon 835 ပရိုဆက်ဆာနဲ့အတူ RAM 4GB နဲ့ storage 64GB (256GB အထိထောက်ပံ့နိုင်တဲ့ microSD ပေါက်တစ်ခုပါဝင်) တို့ပါဝင်လာပါတယ်။ ဒါ့အပြင် fingerprint sensor နဲ့အတူ ကျောဘက်မှာ 13MP ကင်မရာ ၂ လုံး ပါဝင်လာပါတယ်။ မျက်နှာပြင် ၅.၉၃ လက်မ LCD ကလည်း နေရာအတော်ယူထားပါတယ်။

Aquos V ကိုဒေါ်လာ ၂၅၅ နဲ့စတင်ရောင်းချမှာ ဖြစ်ပါတယ်။

Alcatel 1V

၈၉ ဒေါ်လာပဲ ကျသင့်မယ့် Alcatel 1V ဟာ နေ့စဉ်လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ပြီး LCD ၅.၅လက်မ၊ Uniscoc SC29863A ပရိုဆက်ဆာ၊ RAM 1GB နဲ့ storage 16GB (microSD ကတ်ပါဝင်) တို့ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာစျေးကွက်တွေအတွက် SIM slot ၂ ခုနဲ့ Android 9.0 Go ပါဝင်လာပါတယ်။ Alcatel 1V ဟာ စွမ်းဆောင်ရည်မြင့်တဲ့ဖုန်း မဟုတ်ပေမယ့် စမတ်ဖုန်း စတင် အသုံးပြုမယ့်သူတွေအတွက် သင့်တော်ပါတယ်။

1V ကို ဒီနှစ်နှောင်းပိုင်းမှာ တစ်ကမ္ဘာလုံးဆီ ဖြန့်ချိရောင်းချသွားမှာ ဖြစ်ပါတယ်။

Nokia 800 Tough

Nokia 800 Tough ဟာ အကြမ်းခံနိုင်ရည် IP68 အဆင့်ရှိပြီး 4G LTE modem ပါဝင်ပါတယ်။ Nokia ရဲ့ KaiOS အသုံးပြုထားပြီး Facebook, Google Assistant, Google Maps နဲ့ WhatsApp တို့အသုံးပြုထားပါတယ်။ ဘက်ထရီကတော့ 2,000mAh ဖြစ်ပြီး dual SIM slot တွေပါဝင်လာပါတယ်။

Nokia 800 Tough ကို ဒေါ်လာ ၁၂၀ နဲ့ အောက်တိုဘာလအတွင်း ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေမှာပဲ ရောင်းချသွားမယ်လို့ သိရပါတယ်။

-စိုးထက်
Ref: PCMag