
နှစ်စဉ်ပြုလုပ်နေကျ IFA ပြပွဲကို ဘာလင်မြို့မှာ စက်တင်ဘာ ၆ ရက်ကနေ ၁၁ ရက်အထိ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ် IFA 2019 ပြပွဲမှာ နည်းပညာသစ်တွေ နည်းပါးသွားပါတယ်။ ဒါပေမဲ့ ပွဲအတွင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ ထုတ်ကုန်တွေကိုတော့ တွေ့ရှိခဲ့ပါတယ်။ Asus က လူတွေ အလွန်အမင်း သဘောကျမယ့် laptop ကိုပြသခဲ့သလို Sony ကလည်း Walkman အသစ်ကို ထုတ်ဖော် မိတ်ဆက်ခဲ့ပါတယ်။ Philips ကလည်း သဘောကျစရာကောင်းတဲ့ OLED TV ကိုပြသခဲ့ပါတယ်။
Asus ProArt StudioBook Pro X
Apple MacBook Pro ကိုယှဉ်ပြိုင်ဖို့ ဒီဇိုင်းဆွဲထားတဲ့ Asus ProArt StudioBook Pro X ဟာ laptop တစ်မျိုးဖြစ်ပြီး မိုဘိုင်းပုံသဏ္ဍာန်ရှိတဲ့ desktop တစ်လုံးလို စွမ်းဆောင်ရည်ရှိတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ Asus ProArt StudioBook Pro X ဟာ အလွန်စွမ်းဆောင်ရည်မြင့်မားပြီး ဘယ်လိုလုပ်ငန်းဆောင်တာမျိုးကို မဆို ကိုင်တွယ်နိုင်ကာ RAM 64GB နဲ့ SSD 1TB ပါဝင်လာပါတယ်။ ဒါ့အပြင် မျက်နှာပြင်အရွယ်အစားက 4K Ultra HD ဖြစ်ပြီး ရုပ်ထွက်ကောင်းမွန်တဲ့ဂိမ်းတွေများစွာကို ကိုင်တွယ်နိုင်ပါတယ်။
Diesel On Axial
Diesel On Axial ဟာ ဒေါ်လာ ၃၅၀ ကျသင့်မယ့် စမတ်နာရီတစ်မျိုး ဖြစ်ပါတယ်။ စမတ်နာရီရဲ့ဒီဇိုင်းက ထူးခြားပြီး Diesel အမှတ်တံဆိပ်မှန်း သိသာစေပါတယ်။ On Axial နဲ့ သမားရိုးကျ Diesel နာရီအကြားကွာခြားမှုရှိပါတယ်။ Google ရဲ့ Wear OS ကိုအသုံးပြုထားတဲ့အတွက် သုံးစွဲသူအတွက် စိတ်ကြိုက်ဖြစ်စေပါတယ်။
LG G8X Dual Screen
IFA 2019 ပြပွဲမှာ LG G8X ThinQ Dual Screen ကိုပြသခဲ့ပြီး ကိုရီးယားနိုင်ငံရဲ့ ဒုတိယမြောက် dual-screen ဖြစ်လာပါတယ်။ G8X ThinQ ဟာ သီးခြားထုတ်ကုန် ၂ ခုကို bundle အဖြစ်ရောင်းချမယ့် ထုတ်ကုန်ဖြစ်ပါတယ်။ ပထမထုတ်ကုန်က သီးသန့်စမတ်ဖုန်းဖြစ်ပြီး နောက်တစ်မျိုးက ဒုတိယမြောက် မျက်နှာပြင် ထည့်သွင်းနိုင်တဲ့ Dual Screen cover ဖြစ်ပါတယ်။ ဒါ့အပြင် G8X ThinQ မှာ တတိယမြောက် မျက်နှာပြင်လည်း ပါဝင်လာပါတယ်။
Philips OLED+ 984
Philips OLED+ 984 4K တီဗီကို အသံပိုင်းဆိုင်ရာ စွန့်ဦးတီထွင် Bowers & Wilkins ကုမ္ပဏီနဲ့ ပူးပေါင်းဖန်တီးထားပြီး soundbar နဲ့ cetral tweeter တစ်ခု ပေါင်းစပ်ထားတဲ့အတွက် အသံပိုင်းဆိုင်ရာ ကောင်းမွန်ပါတယ်။ ဒါကြောင့် တီဗီဝယ်ယူမယ့်သူအနေနဲ့ စျေးနှုန်းမြင့်မားတဲ့ surround အသံစနစ်ကို သီးသန့်ဝယ်ယူစရာ မလိုတော့ပါဘူး။
Sennheiser PXC 550-II
Sennheiser PXC 550-II ဟာ Sennheiser PXC 550 ကိုအနည်းငယ်အဆင့်မြှင့်တင်ထားတဲ့ ထုတ်ကုန်ဖြစ်ပြီး ဒေါ်လာ ၃၅၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ဆုရရှိခဲ့တဲ့ PXC 550 အသံအရည်အသွေးကို ထိန်းသိမ်းထားပြီး PXC 550-II မှာ Bluetooth 5.0 ကိုမိတ်ဆက်ကာ AAC အသံပိုင်းဆိုင်ရာ codec နဲ့ Amazon Alexa, Google Assistn, Siri စတဲ့ နှစ်သက်ရာ voice assistant ကိုအသုံးပြုနိုင်ပါတယ်။ Sennheiser ဟာ PXC 550-II က USB-C ကိုတော့ မပြောင်းလဲခဲ့သလို ဘက်ထရီသက်တမ်းကို မမြှင့်တင်ခဲ့ပါဘူး။
Sony နှစ် (၄၀) ပြည့် Walkman ထုတ်ကုန်
အခုစာရင်းထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံး ထုတ်ကုန်ကတော့ Sony ရဲ့ နှစ် (၄၀) ပြည့် Edition Walkman ထုတ်ကုန်ဖြစ်ပါတယ်။ အခုထုတ်ကုန်ရဲ့ဒီဇိုင်းပိုင်းက ၁၉၇၉ ခုနှစ်က ဖြန့်ချိခဲ့တဲ့ မူလ Walkman ဒီဇိုင်းကို အခြေခံထားပြီး ကျောဘက်မှာ လိုဂိုကိုထည့်သွင်းထားပါတယ်။ အခု နှစ် (၄၀) ပြည့် Walkman ထုတ်ကုန်သစ်မှာတော့ ကက်ဆက်တိတ်ခွေနဲ့ ထည့်သွင်းနားထောင်ရမယ့် ထုတ်ကုန်မဟုတ်ဘဲ ဒီဂျစ်တယ်ထုတ်ကုန်ဖြစ်ပါတယ်။ နှစ် (၄၀) ပြည့် Walkman မှာ 16GB ပဲပါဝင်ပါတယ်။ သီချင်းတွေ နားထောင်တဲ့အခါ mixtape ပုံစံမျိုး ဖော်ပြပေးမယ့် ၃.၆ လက်မ HD မျက်နှာပြင်တစ်ခု ပါဝင်လာပါတယ်။ ဈေးနှုန်းကတော့ ယူရို ၄၀၀ လောက်ကျသင့်မှာ ဖြစ်ပါတယ်။
TCL TS9030 Ray-Danz Dolby Atmos Soundbar
TCL ကတော့ TS9030 Ray-Danz soundbar ထုတ်ကုန်သစ်နဲ့ ပရိသတ်ကို အံ့အားသင့်အောင် ပြုလုပ်ခဲ့ပါတယ်။ အခု soundbar မှာ Ray-Danz အသံပျံ့နှံ့မှုနည်းလမ်းကို အသုံးပြုထားပါတယ်။ TS9030 ဟာ ပိုမိုအားကောင်းပြီး ကျယ်ပြန့်တဲ့ အသံထွက်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ Bluetooth နဲ့ HDMI ARC ကိုလည်းပေါင်းစပ်ထည့်သွင်းထားပါတယ်။
-စိုးထက်
Ref: DigitalTrends