ICAEW နှင့် ISCA တို့မှ အာဆီယံဒေသတွင်း ဘဏ္ဍာရေးကဏ္ဍ၏ ဒစ်ဂျစ်တယ်တိုးတက် ပြောင်းလဲမှုများအပေါ် သုတေသန အစီရင်ခံစာ ထုတ်ပြန်ခဲ့

The Institute of Chartered Accountants in England and Wales(ICAEW )နဲ့ The Institute of Singapore Chartered Accountants (ISCA) တို့မှ အာဆီယံဒေသတွင်း ဘဏ္ဍာရေးကဏ္ဍ၏ ဒီဂျစ်တယ် တိုးတက် ပြောင်းလဲမှုများ အပေါ် သုတေသန အစီရင်ခံစာကို ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ အစီရင်ခံစာထဲမှာ ဒီဂျစ်တယ်စနစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရေးအတွက် လုပ်ဆောင်ရမည့် အဓိကအချက် ၃ ခုကို အလေးပြုဖော်ပြထားပြီး အချက်သုံးချက်မှာ (၁) ငွေကြေးလုပ်ငန်းကဏ္ဍနှင့် အခြားစီးပွားရေးကဏ္ဍများ ချက်ချင်း ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ခြင်း (၂) အပြောင်းအလဲကို လုပ်ဆောင်နိုင်သည့် အားကောင်းသော ဦးဆောင်မှုနှင့် ကျွမ်းကျင်စာရင်းကိုင်များမှ လိုအပ်သော ကျွမ်းကျင်မှုများကို သင်ကြားရရှိရန် လိုအပ်ခြင်း၊ (၃) အလျင်အမြန်ဖြစ်ပေါ်နေသော တိုးတက်မှုများအတိုင်း ချက်ချင်း လိုက်ပါပြောင်းလဲ လုပ်ဆောင်နိုင်ရန်အတွက် အသေးစိတ် အကြောင်းအရာများအပေါ်တွင်ပါ တုံ့ပြန်မှုကိုသုံးသပ်လုပ်ဆောင်ရန် လိုအပ်ခြင်းတို့ ဖြစ်ပါတယ်။

“ISCA အနေနဲ့ ICAEW နဲ့ ၄ နှစ်ဆက်တိုက် ပူးပေါင်းလုပ်ဆောင်ပြီး စာရင်းကိုင်သက်မွေးဝမ်းကျောင်းအတွက် သက်ရောက်မှုရှိတဲ့ အပြောင်းအလဲတွေမှာ အဓိက အချက်အလက်တွေကို ထောက်ပံ့ကူညီပေးနိုင်တာ ဝမ်းသာမိ ပါတယ်၊ ကုမ္ဗဏီတွေနဲ့ သူတို့ရဲ့ ငွေကြေးကဏ္ဍလည်ပတ်မှုတွေဟာ ဒီဂျစ်တယ်ပြောင်းလဲမှုကို တတ်နိုင် သလောက် မြန်မြန်လုပ်ဆောင်ပြီး အကျိုးကျေးဇူးတွေကို မြန်မြန်သိရှိနိုင်ဖို့ လိုပါတယ်၊ ဒါပေမဲ့လို့ လူအင်အား ပါဝင်မှုကိုလည်း မေ့ထားလို့မရပါဘူး၊ ငွေကြေးကဏ္ဍ အပြောင်းအလဲတွေကို စီမံခန့်ခွဲတဲ့ နည်းဗျူဟာတွေ အရ လုပ်ငန်းစုတွေအနေနဲ့ စာရင်းအင်း ကျွမ်းကျင်သူဝန်ထမ်းတွေကို လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ မြှင့်တင်ပေးတာတို့၊ အသစ်ထပ်ပြီး သင်တန်းပေးတာတို့ လုပ်ရင်း နည်းပညာအကူအညီနဲ့ လုပ်ငန်းကို ထောက်ပံ့မှု ဘယ်လို ဖြစ်စေတယ် ဆိုတာတွေကိုပါ နားလည်အောင် ရှင်းလင်းပြောကြားဖို့ လိုပါတယ်” လို့ ISCA ၏ အမှုဆောင်အရာရှိ ချုပ် ဖြစ်သူ Mr Lee Fook Chiew က ပြောပါတယ်။

“ISCA နဲ့ ပူးပေါင်းပြီး စာရင်းအင်းကဏ္ဍရဲ့ ဒီဂျစ်တယ်အကူးအပြောင်းတွေနဲ့ ပတ်သက်တဲ့ သုတေသနအချက် တွေကို ဖော်ပြခွင့်ရတာဝမ်းသာမိပါတယ်၊ ဒါတွေဟာ လုပ်ငန်းကဏ္ဍကြီးတစ်ခုရဲ့ ကောင်းသော အရွေ့အတွက် အထောက်အကူဖြစ်စေမယ့် လက်တွေ့အချက်အလက်တွေနဲ့ စိန်ခေါ်မှုတွေ၊ အခွင့်အရေးတွေရဲ့ တုံ့ပြန်ပုံတွေ ဖြစ်ပါတယ်” လို့ ICAEW ၏ ကမ္ဘာလုံးဆိုင်ရာနည်းပညာသုတေသနနှင့် စီမံကိန်းသုတေသီအဖွဲ့ အဖွဲ့မှူး ဖြစ်သူ Kirstin Gillon က ဆိုပါတယ်။

နည်းပညာအသစ်များအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှု အခက်အခဲများနှင့် နည်းပညာအကူးအပြောင်းကာလတွင် စာရင်းကိုင်များ အများဆုံး ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့်ညွှန်ကြားချက်များ မရှိနေမှုအကြောင်း အစီရင်ခံစာက ထောက်ပြထားပြီး စာရင်းအင်းလုပ်ငန်းကဏ္ဍ တစ်ခုတည်းအတွက် ကြည့်မည် ဆိုလျှင် စာရင်းကိုင်များက အသုံးပြုနေသော အချက်အလက်များက အဆင့်မြင့်ကာ စနစ်တကျရှိပြီး အသုံးချရန် လွယ်ကူမှုလည်းရှိသည့် အားကောင်းသော အချက်အလက်သိမ်းဆည်းမှုစနစ် ရှိရမည်ဖြစ်ကြောင်း၊ ယင်းစနစ်များက ဒီဂျစ်တယ်အကူးအပြောင်း တည်ဆောက်ရန်အတွက် ခိုင်မာသောအခြေခံအုတ်မြစ်ဖြစ်စေရန် မရှိမဖြစ် လိုအပ်ကြောင်း ၊ ဒစ်ဂျစ်တယ်ကူးပြောင်းရေးတွင် နည်းပညာတတ်ကျွမ်းမှုကို အဓိကထား ပြောကြားနေသော်လည်း စီးပွားရေး ဗဟုသုတနှင့် အပြန်အလှန်ဆက်သွယ်ရေး၊ စာနာ နားလည်မှုနှင့် ဖြေရှင်းနိုင်မှုစွမ်းရည် အစရှိသည့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှုများကလည်း အညီအမျှ အရေးပါကြောင်း၊ အားကောင်းသော ခေါင်းဆောင်မှု စွမ်းရည်နှင့် ပြတ်သားသောရည်မှန်းချက်ရှိခြင်းတို့ကလည်း အကူးအပြောင်း အချိန်များအတွက် အရေးပါပြီး အဖွဲ့၏ ထောက်ပံ့ကူညီမှုနှင့် လက်တွေ့လုပ်ဆောင်ရာတွင် မှန်ကန်သောလူများကို အသုံးပြုခြင်းများကလည်း လိုအပ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာပါ အချက်အလက်များမှာ အမှုဆောင်အရာရှိချုပ်များ (CEOs)၊ ငွေကြေးဆိုင်ရာအရာရှိချုပ်များ (CFOs) နှင့် စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဗောဒီးယားနှင့် UK တို့မှ ငွေကြေးကဏ္ဍ၏ ဒီဂျစ်တယ် အကူးအပြောင်းလုပ်ငန်းစဉ်များတွင် အနီးကပ် ပါဝင်လုပ်ဆောင်နေသည့် ကျွမ်းကျင်သူများအား မေးခွန်းများမေးမြန်းပြီး ရရှိလာသည့် တွေ့ရှိချက်များကို အခြေခံထားခြင်းဖြစ်ကြောင်း၊ ယင်းအချက်အလက်များ သည် ဒီဂျစ်တယ်နည်းပညာကဏ္ဍတွင် နောက်ကျနေသော်လည်း ကြီးမားသော နည်းပညာ တစ်ဟုန်ထိုး ကူးပြောင်းတိုးတက်မှုကြီး ဖြစ်လာနိုင်သည့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံအတွက် လွန်စွာ အရေးပါသော အချက် အလက်များဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် We Are Social အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲမှုသည် တစ်နှစ်အတွင်း ၄၀% ထပ်မံတိုးတက်လာကြောင်း သိရပါတယ်။

အစီရင်ခံစာ၏ အချက်များကို အောက်တိုဘာ ၈ ရက်က စင်ကာပူမှာပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ တင်ပြခဲ့ပြီး ဦးဆောင်တီထွင်သူများနဲ့ ယင်းကဏ္ဍမှ ကျွမ်းကျင်သူများက ဒီဂျစ်တယ်အပြောင်းအလဲများ လုပ်ဆောင်ရင်း ကြုံတွေ့ခဲ့ရတဲ့ ၎င်းတို့ရဲ့ အမြင်နဲ့ အတွေ့အကြုံများကို ပြောပြဆွေးနွေးခဲ့တဲ့ ဝိုင်းဖွဲ့ဆွေးနွေးပွဲလည်း ပါဝင်ခဲ့ကြောင်း၊ ပါဝင်ဆွေးနွေးသူများထဲမှာ PricewaterhouseCoopers Singapore, Standard Chartered Bank နဲ့ AI နည်းပညာကို စတင်ခဲ့တဲ့ TAIGER အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း သိရပါတယ်။